ချန်ပီယံလိဂ်ပြိုင်ပွဲ၏ အရည်အသွေးကို ထိန်းသိမ်းထားလိုလျှင် လက်ရှိကျင်းပနေသည့်ပုံစံအား မပြောင်းလဲသင့်ဟု လမ်းပတ် အကြံပြု

ချန်ပီယံလိဂ်ပြိုင်ပွဲ၏ အရည်အသွေးကို ထိန်းသိမ်းထားလိုလျှင် လက်ရှိကျင်းပနေသည့်ပုံစံအား မပြောင်းလဲသင့်ဟု လမ်းပတ် အကြံပြု
Photos: Getty Images & UEFA
Photos: Getty Images & UEFA
Published 18 October 2019

ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က ချန်ပီယံလိဂ်ပြိုင်ပွဲ၏အရည်အသွေးကို  ထိန်းသိမ်းထားလိုလျှင် လက်ရှိကျင်းပနေသည့်ပုံစံအား မပြောင်းလဲသင့်ကြောင်း အကြံပြုပြောကြားခဲ့သည်။

    

ချန်ပီယံလိဂ်ပြိုင်ပွဲကို အနာဂတ်တွင် အပြောင်းအလဲများပြုလုပ်သွားမည်ဟု သတင်းများထွက်ပေါ်နေပြီး ကြာသပတေးနေ့က လန်ဒန်မြို့တွင် ကလပ်အသင်းတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းကြောင့် လမ်းပတ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ 

ဥရောပကလပ်အသင်းများအဖွဲ့အစည်း(ECA)ကို ဦးဆောင်နေသည့် ဂျူဗင်တပ်စ်အသင်းဥက္ကဋ္ဌ အက်ဂ်နယ်လီသည် ချန်ပီယံလိဂ်ပြိုင်ပွဲကို ပုံစံသစ်ပြောင်းလဲရန် အဆိုပြုထားသည်။ 

၎င်းက အုပ်စုအဆင့်၌ ပွဲအရေအတွက်ပိုမိုများပြားစေရန် ရည်ရွယ်ခြင်းဖြစ်ပြီး ၂၀၂၄-၂၅ ရာသီ၌ စတင်အကောင်အထည်ဖော်ရန် လိုလားနေကြောင်းလည်း သိရှိရသည်။ 

လန်ဒန်တွင် ပြုလုပ်ခဲ့သည့်  ဆွေးနွေးပွဲသို့ ကလပ်အသင်း(၂ဝဝ) ဝန်းကျင်၏ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ပရီးမီးယားလိဂ်ထိပ်သီးအသင်းများကမူ အပြောင်းအလဲပြုလုပ်မည်ကို လက်မခံလိုကြကြောင်းလည်း သိရှိရသည်။

    

ယင်းအခြေအနေတွင် ချယ်လ်ဆီးနည်းပြ လမ်းပတ်က အပြောင်းအလဲမလုပ်သင့်ကြောင်း ဖွင့်ဟပြောကြားခဲ့ခြင်းလည်းဖြစ် သည်။ 

လမ်းပတ်က "ကျွန်တော်ကတော့ ကစားသမားတစ်ယောက်အနေနဲ့ရော နည်းပြအနေနဲ့ပါ လက်ရှိပြိုင်ပွဲပုံစံကိုပဲ သဘောကျပါတယ်။ ဥရောပပွဲတွေ ပိုမကစားချင်ဘူးလားလို့ ကျွန်တော့်ကို မေးရင်  ပွဲတွေအများကြီးကစားရတဲ့အခါ ကြံ့ခိုင်မှုက ပြဿနာရှိလာနိုင်ပါတယ်။ ဒီလိုဆိုရင် ကစားသမားတွေရဲ့ အရည်အသွေးလည်း ကျဆင်းနိုင်ပါတယ်။ ဒါကြောင့် ပွဲအရေအတွက် တိုးမြှင့်ဖို့ စီစဉ်တာဟာ ဆိုးရွားတဲ့ စိတ်ကူးလို့ပဲ ကျွန်တော်ကတော့ ထင်ပါတယ်"ဟု ဆိုခဲ့သည်။ 

လမ်းပတ်သည် ယခုရာသီတွင် နည်းပြဘဝဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲကို စတင်ဆင်နွှဲခွင့်ရနေသူဖြစ်ပြီး (၁)ပွဲနိုင်၊ (၁)ပွဲရှုံးထားသည်။

 

Most Read

Most Recent