အာဆီယံ အသန့်ရှင်းဆုံး ခရီးသွားမြို့တော်ဆု ပါဝင်ယှဉ်ပြိုင်နိုင်ရေး ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့အတွင်း သန့်ရှင်းသာယာ လှပရေးအတွက် စည်းကမ်းမဲ့ စျေးဆိုင်၊ ပလက်ဖောင်း ကျူးကျော်များ၊ ကျူးကျော်နေအိမ်များကို လိုက်လံစစ်တမ်း ကောက်ယူနေကြောင်း သိရသည်။
အဆိုပါ စစ်တမ်းကောက်ယူမှုအား အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ညွှန်ကြားချက်ဖြင့် အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းက ပူးပေါင်းအဖွဲ့ ဖွဲ့စည်း၍ လိုက်လံစစ်တမ်း ကောက်ယူနေခြင်းဖြစ်ပြီး ပြည်မြို့မြောက်စောင်းတန်း တစ်လျှောက်ရှိ စျေးဆိုင်များ၊ လမ်းရှည်လမ်း၊ မီးရထားဘူတာဝန်းကျင်ရှိ ကျူးကျော်တဲများ၊ ကမ်းနားလမ်း ကျူးကျော်နေအိမ်များနှင့် ပလက်ဖောင်း ပိတ်ဆို့နေမှုများကို လိုက်လံစစ်တမ်း ကောက်ယူခဲ့ကြောင်း သိရသည်။
“ပြည်မြို့ သန့်ရှင်းသာယာ လှပရေးအတွက် စည်းကမ်းမဲ့စျေးဆိုင်ခန်းတွေ၊ ကျူးကျော်စျေးဆိုင်ခန်းတွေနဲ့ တောင်းရမ်းစားသောက်တဲ့သူတွေ ပတ်သက်ပြီး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်တာဖြစ်တယ်။ ပြီးတော့မှ လုပ်ငန်းစဉ် အဆင့်ဆင့်ကို နောက်ထပ် စီမံရေးဆွဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မြို့စည်ပင်သာယာ လှပသွားရင် မြို့အနေနဲ့ ပြိုင်ပွဲတွေ ဝင်ပြိုင်ဖို့ အစီအစဉ်တွေလည်း ရှိပါတယ်။ အဲဒါကြောင့် ကြိုတင်ဆောင်ရွက်တဲ့ အနေနဲ့ ဒါကို ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်” ဟု ပူးပေါင်းအဖွဲ့ခေါင်းဆောင် ပြည်ခရိုင် လူမှုဝန်ထမ်း ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ခရိုင်မြို့နှစ်မြို့ဖြစ်သည့် တောင်ငူနှင့် ပြည်မြို့တို့အား ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီတွင် ဘရူးနိုင်းနိုင်ငံ၌ ကျင်းပမည့် အာဆီယံ အသန့်ရှင်းဆုံး ခရီးသွားမြို့တော်ဆုအတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် လျာထားပြီး ခေတ်မီမြို့တော်၊ ရေမြောင်းများ စနစ်ကျ တူးဖော်ခြင်း၊ အမှိုက်သိမ်းစနစ်များ ကောင်းမွန်အောင် ဆောင်ရွက်နေခြင်း၊ ကမ်းနားလမ်း သန့်ရှင်းသာယာ လှပရေးအတွက် ပြင်ဆင်ခြင်းနှင့် ကျူးကျော်များနှင့် စည်းကမ်းမဲ့ စျေးဆိုင်ခန်းများကို လိုက်လံစစ်တမ်း ကောက်ယူနေခြင်းတို့ ဖြစ်ကြောင်း သိရသည်။
စစ်တမ်းကောက်ယူမှုများ ပြီးစီးပါက သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းကာ ပညာပေးခြင်း၊ စည်းကမ်းထိန်းသိမ်းခြင်း၊ အကောင်ထည်ဖော် ဆောင်ရွက်ခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖယ်ရှားရှင်းလင်းမှုများ ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။















