ရခိုင်ပြည်နယ် ဘူးသီးတောင်-ရသေ့ တောင် ကားလမ်းပေါ်ရှိ စိုင်းတင်ချောင်းတံ တားပေါ်တွင် လုံခြုံရေးယူထားသော မြန်မာ နိုင်ငံရဲတပ်ဖွဲ့နှင့် တပ်မတော်ကို ရခိုင်လက် နက်ကိုင်အဖွဲ့ (AA) က အောက်တိုဘာ ၅ ရက် နံနက် ၃ နာရီခန့်တွင် ၄၀ မီလီမီတာ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောကြားသည်။
စိုင်းတင်ချောင်းတံတား၏ အရှေ့ ဘက်တွင် သရက်ပြင်ကျေးရွာရှိပြီး အဆိုပါ သရက်ပြင်ကျေးရွာဘက်တွင် ဘင်္ဂါလီရွာနှင့် ရခိုင်ရွာရှိကာ ယင်းကျေးရွာများကို အကာအကွယ်ယူ၍ AA အဖွဲ့က ပစ်ခတ်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောကြားသည်။
“ဒီနေ့မနက်က မနက် ၃ နာရီလောက်မှာ ကျွန်တော်တို့ ဘူးသီးတောင်-ရသေ့တောင် ကားလမ်းပေါ်မှာရှိတဲ့ စိုင်းတင်ချောင်းတံတားပေါ့။အဲဒီတံတားမှာ မြန်မာနိုင်ငံရဲ တပ်ဖွဲ့နဲ့ ကျွန်တော်တို့ တပ်မတော်ကနေ လုံခြုံရေးယူထားတဲ့ စခန်းရှိတယ်။ အဲဒါကို အရှေ့ဘက်မီတာ ၅၀၀ လောက်ကနေ ၄၀ မီလီမီတာ ဗုံးပစ်လောင်ချာနဲ့ ပစ်တယ်။ထိ ခိုက်ဒဏ်ရာရရှိမှု မရှိပါဘူး”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
ထို့ပြင် AA အဖွဲ့နှင့် AA အဖွဲ့အား အားပေးထောက်ခံသည့် အမာခံအဖွဲ့များအနေဖြင့် ဘူးသီးတောင်-ရသေ့တောင်ကားလမ်း ၏ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးကို ထိခိုက်နှောင့်ယှက်နေသည်ကို တွေ့ ရကြောင်းလည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောကြားသည်။
“အဲဒီဘူးသီးတေင်-ရသေ့တောင် ကားလမ်းပေါ်မှာတော့ AA အဖွဲ့အနေနဲ့ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်မှု ငါးကြိမ်ရှိသွားပါပြီ။ ပြီးရင် ကျွန်တော်တို့ ကားမီးရှို့ဖောက်ခွဲဖျက်ဆီးမှု သုံးကြိမ်ရှိတယ်။ ပြီးရင် AA အ ဖွဲ့ဝင်တွေ အမာခံတွေ လာရောက်တဲ့အတွက်ကြောင့်မို့လို့ သုံးယောက်အသေ ဖမ်းဆီးရမိတာလည်း ရှိတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အတွင်း မြောက်ဦးမြို့၏ အရှေ့ဘက် ပန်းမြောင်း ဒေသဘက်တွင်လည်းကောင်း၊ ကျောက်တော်မြို့နယ်တွင်လည်းကောင်း တပ်မတော် နှင့် AA အဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားနေကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။















