ကြက်မွေးမြူသူများအနေဖြင့် ရာသီဥတုပြောင်းလဲမှုများကြောင့် ကြက်မွေးမြူရေးလုပ်ငန်းအပေါ် ထိခိုက်မှုလျှော့ချနိုင်ရန် မွေးမြူရေးစနစ်များအဆင့်မြှင့်ရန် မွေး/ကု တိုက်တွန်း

ကြက်မွေးမြူသူများအနေဖြင့် ရာသီဥတုပြောင်းလဲမှုများကြောင့် ကြက်မွေးမြူရေးလုပ်ငန်းအပေါ် ထိခိုက်မှုလျှော့ချနိုင်ရန် မွေးမြူရေးစနစ်များအဆင့်မြှင့်ရန် မွေး/ကု တိုက်တွန်း
တစ်နိုင်တစ်ပိုင်မွေးမြူထားသည့် ကြက်မွေးမြူရေးခြံတစ်ခုအတွင်းရှိ ကြက်များကို တွေ့ရစဉ်
တစ်နိုင်တစ်ပိုင်မွေးမြူထားသည့် ကြက်မွေးမြူရေးခြံတစ်ခုအတွင်းရှိ ကြက်များကို တွေ့ရစဉ်
Published 5 October 2019
အိသဥ္ဇာကျော်

ကြက်မွေးမြူသူများအနေဖြင့် ရာသီဥတု ပြောင်းလဲမှုကြောင့် ကြက်မွေးမြူရေးလုပ်ငန်းအပေါ် ထိခိုက်မှု လျှော့ချနိုင်ရန် မွေးမြူရေးစနစ်များ အဆင့်မြှင့်ရန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက တိုက်တွန်းထား ကြောင်း သိရသည်။

ကြက်မွေးမြူသူများအနေဖြင့် ထိခိုက်မှု လျှော့ချနိုင်ရန် မွေးမြူရေးစနစ်များ အဆင့်မြှင့်တင်ရန် လိုအပ်ပြီး ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များ လိုက်နာကျင့်သုံးသွားရန် လိုအပ်ကြောင်း၊ ယင်းအတွက် ငွေကြေးရင်း နှီးမြှုပ်နှံရန် လိုအပ်ပြီး မူဝါဒချမှတ်သူများ အနေဖြင့်လည်း ယင်းငွေကြေးရင်းနှီးမြှုပ်နှံမှု အတွက် အလေးထား စဉ်းစားပေးရန်လိုကြောင်း၊ အမြတ်အစွန်း တိုးတက်ရရှိစေရန်အတွက် စျေးကွက်နှင့်ရာသီအပေါ်အခြေခံ၍ မွေးမြူသည့်ကြက်ကောင်ရေအတိုးအလျှော့ ပြုလုပ်ရန် လိုအပ်ကြောင်း၊ ကြက်စျေးကောင်းသည့်အချိန်တွင် ရရှိသည့် အမြတ်ကို ပြန်လည် ရင်းနှီးမြှုပ်နှံရန် လိုကြောင်း၊ စံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်ရန်အတွက် မွေးမြူသူများ အမှန်တကယ်လိုအပ်သည့် စျေးကွက်တည် ငြိမ်မှုကို ဖော်ဆောင်ပေးရန် လိုအပ်ကြောင်း အမျိုးသားအဆင့် ကြက်မွေးမြူရေးဖွံ့ဖြိုးတိုး တက်မှုဆိုင်ရာ ဆွေးနွေးပွဲတွင်ဆွေးနွေးတင်ပြ ချက်များအရ သိရသည်။

မြန်မာ့ကြက်မွေးမြူရေးမှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်း တိုးတက်မှုရှိသော်လည်း အပြင်း စား ကြက်ငှက်တုပ်ကွေးရောဂါ အပါအဝင် အခြားကူးစက်ရောဂါများမှာ မြန်မာ့ကြက်မွေးမြူရေးသမားများကို နှစ်စဉ်ခြိမ်းခြောက်လျက်ရှိပြီး စိန်ခေါ်မှုများနှင့်ကြုံတွေ့နေရကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရရှိသည့် အချက်အလက်များအရ သိရသည်။

မြန်မာ့ကြက်မွေးမြူရေးကဏ္ဍသည် တိုးတက်နေပြီး  ကြက်ဥ၊ ကြက်သားစားနှုန်း မြင့်မားလာနေသော်လည်း အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက လိုအပ်ချက်များစွာရှိနေ ကြောင်း၊ ကြက်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရန် အကြီးမားဆုံးစိန်ခေါ်မှုမှာ ရောဂါကျရောက်မှုဖြစ်နေပြီး အပြင်းစားကြက်ငှက် တုပ်ကွေးရောဂါ အပါအဝင် အခြားကူးစက် ရောဂါအမျိုးမျိုးနှင့် နှစ်စဉ်ကြုံတွေ့နေကြ ရာ တစ်ဖက်တွင်လည်း လုံလောက်သည့် ရောဂါရှာဖွေစမ်းသပ်မှုများကို ဖြည့်ဆည်း ပေးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။ ၂၀၀၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ မြန်မာ နိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၆ နိုင်ငံ၌ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှု ၈၆၀ တွင် သေဆုံးသူ ၄၅၄ ဦးအထိရှိကြောင်း  ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ယခုနှစ်အတွင်း ထုတ်ပြန်ကြေညာသည့် အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံတွင် ကြက်ငှက်တုပ်ကွေး H5 N1 ကို ၂၀၀၆ ခုနှစ်က စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၂၀၀၆ ခုနှစ် မတ်နှင့် ဧပြီတွင် မန္တလေး၊ စစ်ကိုင်း၌ လည်းကောင်း၊ ၂၀၀၇ ခုနှစ် ဖေဖော် ၀ါရီနှင့် အောက်တိုဘာတွင် ရန်ကုန်၊  မွန်၊ ပဲခူး ၌ လည်းကောင်း၊ ၂၀၀၇ ခုနှစ်၌ပင် ဒုတိယ အကြိမ်တွေ့ရှိမှုကို နိုဝင်ဘာနှင့် ဒီဇင်ဘာ တွင် ရှမ်းပြည်နယ်၌ ထပ်မံတွေ့ရှိခဲ့ကြောင်း၊ ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီနှင့် မတ်တွင် ရန် ကုန်နှင့် စစ်ကိုင်း၌လည်းကောင်း၊ ၂၀၁၁ ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် ရခိုင်နှင့်စစ်ကိုင်း၌လည်းကောင်း၊ ၂၀၁၂ ခုနှစ် ဖေ ဖော်ဝါရီနှင့်မတ်တွင် စစ်ကိုင်းနှင့် ပဲခူး၌ လည်းကောင်း၊ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ တွင် စစ်ကိုင်း၌ လည်းကောင်း၊၂၀၁၆ ခုနှစ် ဧပြီ တွင် စစ်ကိုင်း၌လည်းကောင်း အသီးသီးဖြစ် ပွားခဲ့ကြောင်းနှင့် ၂၀၁၆ ခုနှစ်တွင် နောက်ဆုံး ဖြစ်ပွားခဲ့သည့် ရောဂါဖြစ်ပွားမှုဖြစ်စဉ်၌ H5N1 အပြင် H9 N2 ခေါ် အပျော့စားကြက် ငှက်တုပ်ကွေးရောဂါ ပူးတွဲဖြစ်ပွားမှုကို တွေ့ရှိခဲ့ကြောင်း သိရသည်။ 

ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားလေ့ရှိသည့် ကာလများတွင် ကြက် ငုံးခြံများကို ဇီဝလုံခြုံမှုမြှင့်တင်ရန် လိုအပ်ကြောင်း၊ ကြက်ငှက်များတွင် ကြက်ငှက်တုပ် ကွေးရောဂါမဖြစ်ပွားစေရေးအတွက် ဆောင်းခိုငှက်များနှင့်အိမ်မွေးကြက်၊ ငှက်၊ ဘဲနှင့် ငုံး များ ဆက်စပ် ထိတွေ့မှုမရှိစေရေး ဂရုပြုဆောင်ရွက်ရန်၊ ကြက်၊ ဘဲနှင့် ငုံးမွေးမြူရေး ခြံများ၏ ဇီဝလုံခြုံရေးကိုအထူးဂရုပြုဆောင်ရွက်ရန်၊ ကြက်၊ ငုံးမွေးမြူရေးခြံများနှင့်ကြက်၊ ဘဲအရှင်စျေးများတွင် စနစ်တကျ ပိုးသတ်ဆေးဖျန်းခြင်း ပုံမှန်ပြုလုပ်ဆောင်ရွက်ရန်၊ အသား၊ ဥတို့ကိုသေချာစွာချက်ပြုတ်ပြီးမှ စားသုံးရန်၊ ကြက်ငှက်များ ပုံမှန်မဟုတ်ဘဲ ရုတ်တရက်သေဆုံးပါက နီးစပ်ရာအုပ်ချုပ် ရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ထံသို့ ချက်ချင်းသတင်းပို့ရန်၊ ရောဂါကြိုတင်ကာ ကွယ်ရေးနှင့် ရောဂါစူးစမ်းရှာဖွေခြင်း လုပ်ငန်းများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက အသိပေး နှိုးဆော်ထားသည်။   

 

 

Most Read

Most Recent