အိမ်ကွင်းမှာ ခက်ခက်ခဲခဲ အနိုင်ယူခဲ့ရတဲ့ လီဗာပူးလ်နဲ့ ဘာစီလိုနာ

အိမ်ကွင်းမှာ ခက်ခက်ခဲခဲ အနိုင်ယူခဲ့ရတဲ့ လီဗာပူးလ်နဲ့ ဘာစီလိုနာ
Published 2 October 2019

 

အောက်တိုဘာလ(၃)ရက်နေ့မှာကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်(၂) (ဒုတိယနေ့)ပွဲစဉ်တွေမှာတော့ ထိပ်သီးအသင်းတွေဖြစ်တဲ့ လက်ရှိချန်ပီယံ လီဗာပူးလ်နဲ့ နာမည်ကြီး ဘာစီလိုနာတို့ အိမ်ကွင်းမှာ ခက်ခက်ခဲခဲ အနိုင်ယူခဲ့ရပါတယ်။

လီဗာပူးလ်အသင်းဟာ တိုက်စစ်အားကောင်းတဲ့ ဆာလ်ဇ်ဘာ့ဂ်အသင်းကို မာနေ၊ ရောဘတ်ဆန်၊ ဆာလာတို့ရဲ့သွင်းဂိုးတွေနဲ့ (၃)ဂိုးပြတ်ဦးဆောင်ခဲ့ပေမယ့် ဟွမ်ဟီချန်၊ မီနာမီနို၊ ဟာလန်းတို့က ချေပဂိုးတွေ ပြန်သွင်းခဲ့ကြပြီး ဆာလာ အနိုင်ဂိုးထပ်သွင်းပေးလို့သာ အိမ်ကွင်းမှာ နိုင်ပွဲစယူနိုင်ခဲ့တာပါ။

နာပိုလီအသင်း အစောပိုင်းပွဲမှာ နိုင်ပွဲပျောက်ခဲ့တာကြောင့်လည်း လီဗာပူးလ်အတွက် အခြေအနေပိုကောင်းသွားစေခဲ့ပါတယ်။

ဆာလ်ဇ်ဘာ့ဂ်အသင်းဟာ အန်ဖီးလ်ကွင်းမှာကစားတဲ့ ချန်ပီယံလိဂ်ပွဲတွေမှာ ဘာစီလိုနာ၊ ချယ်လ်ဆီး၊ ရီးယဲလ်အသင်းတို့နောက် (၃)ဂိုးသွင်းယူနိုင်တဲ့ စတုတ္ထမြောက်အသင်းဖြစ်လာပေမယ့် နိုင်ပွဲမရတဲ့ တစ်သင်းတည်းသောအသင်းလည်းဖြစ်ပါတယ်။

ဘာစီလိုနာကလည်း အိမ်ကွင်းမှာ အင်တာမီလန်ကို နောက်ကလိုက်ကစားပြီး အနိုင်ပြန်ယူခဲ့ရတယ်။

နည်းပြ ကွန်တီရဲ့အင်တာမီလန်အသင်း ပထမပိုင်းကစားပုံ ကောင်းမွန်ခဲ့ပြီး ပွဲအစ(၂)မိနစ်မှာပဲ လော်တာရိုမာတီနက်ဇ်သွင်းယူတဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ချေပဂိုးရဖို့ကြိုးပမ်းလာတဲ့ ဘာစီလိုနာက ပွဲကိုထိန်းချုပ်နိုင်ခဲ့ကာ ဆွာရက်ဇ်က ဗီဒယ်လ်၊ မက်ဆီတို့ ဖန်တီးမှုတွေကနေ အသင်းအတွက် အရေးပါတဲ့အမှတ်(၃)မှတ်ကို ရယူပေးခဲ့ပါတယ်။

အစောပိုင်းပွဲမှာ ဒေါ့မွန်အသင်း နိုင်ပွဲရခဲဲ့လို့ မရဏအုပ်စုထဲရောက်နေတဲ့ အင်တာမီလန်အနေနဲ့ နောက်တစ်ဆင့်တက်ဖို့ ခက်ခက်ခဲခဲရုန်းကန်ရတော့မှာပါ။

ချယ်လ်ဆီးကတော့ ပြင်သစ်မြေမှာ လိုင်လီအသင်းကို အနိုင်ကစားပြီး နိုင်ပွဲစယူနိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးအတွက် အေဘရာဟမ် ဂိုးစသွင်းပေမယ့် လိုင်လီတိုက်စစ်မှူး အိုဆင်ဟန်က ချေပဂိုးပြန်သွင်းခဲ့ပြီး ဒုတိယပိုင်းရောက်မှ ဝီလီယံ အနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။

အေဘရာဟမ်သွင်းယူတဲ့ဂိုးကို နောက်ခံလူ တိုမိုရီက ဖန်တီးပေးခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်မှာ ၂၀၁၂၊ မတ်လက ဂျွန်တယ်ရီ ဂိုးသွင်းယူနိုင်အောင် လမ်းပတ် ဖန်တီးပေးခဲ့တဲ့နောက် ပထမဆုံးအဖြစ် အင်္ဂလန်ကစားသမား(၂)ဦး ပေါင်းစပ်မှုကနေ ဂိုးရရှိခဲ့တာဖြစ်ပါတယ်။

 

Most Read

Most Recent