ထိပ်တန်းကစားသမားများကို ပိုင်ဆိုင်ထားသည့် ရီးယဲလ်မက်ဒရစ်အသင်းနှင့်ကစားမည့်ပွဲမှာ ခက်ခဲမည်ဟု ဒေါ့မွန်တောင်ပံကစားသမား ဆန်ချို ဝန်ခံ

ထိပ်တန်းကစားသမားများကို ပိုင်ဆိုင်ထားသည့် ရီးယဲလ်မက်ဒရစ်အသင်းနှင့်ကစားမည့်ပွဲမှာ ခက်ခဲမည်ဟု ဒေါ့မွန်တောင်ပံကစားသမား ဆန်ချို ဝန်ခံ
Photo: Getty Images
Photo: Getty Images
Published 1 June 2024

 

ဒေါ့မွန်တောင်ပံတိုက်စစ်ကစားသမား ဆန်ချိုက ထိပ်တန်းကစားသမားများကို ပိုင်ဆိုင်ထားသည့် စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းနှင့်ကစားရမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ၎င်းတို့အသင်းအတွက် ခက်ခဲသည့်ပွဲစဉ်တစ်ပွဲ ဖြစ်လာလိမ့်မည်ဟု ဝန်ခံပြော ကြားခဲ့သည်။ 

အသက် ၂၄ နှစ်အရွယ်ရှိ အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုသည် မန်ယူအသင်းတွင် နည်းပြ တန်ဟက်ဂ်နှင့် ဆက်ဆံရေး အဆင်မပြေခြင်းကြောင့် ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းဟောင်း ဒေါ့မွန်ထံသို့ ရာသီဝက်အငှားဖြင့်လာရောက်ကစားနေသူဖြစ်သည်။ 

ဆန်ချိုသည် မန်ယူ အသင်းတွင် ပုံမှန်ခြေစွမ်းရရန် ရုန်းကန်ခဲ့ရသော်လည်း ဒေါ့မွန်အသင်းတွင် ခြေစွမ်းပြကစားနေပြီး ပြိုင်ပွဲစုံ ပွဲ ၂၀ တွင် သုံးဂိုးသွင်းကာ ဂိုးဖန်တီးမှု သုံးကြိမ် ပြုလုပ်ထားသည်။ ဒေါ့မွန်အသင်းသည် ယခုရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်ရောက်ထားပြီး ယနေ့(ဇွန်လ ၁ ရက်)တွင် စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ် အသင်းနှင့် နာမည်ကျော် ဝင်ဘလေကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

ဆန်ချိုက ရီးယဲလ်မက်ဒရစ်အသင်းနှင့် ကစားရမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပွဲကြီး ပွဲကောင်းဖြစ်လာမည်ဖြစ်ကြောင်းနှင့် ထိပ်တန်းကစားသမားများစွာကို ပိုင်ဆိုင်ထားသည့် ရီးယဲလ်မက်ဒရစ်အသင်းမှာ ၎င်းတို့အတွက် ခက်ခဲမည်ဖြစ်ကြောင်း ပြောကြားခဲ့ ခြင်းဖြစ်သည်။ 

ဆန်ချိုက "ရီးယဲလ်မက်ဒရစ် နဲ့ ကစားမယ့်ပွဲက ပွဲကြီးပွဲကောင်းတစ်ပွဲ ဖြစ်လာပါလိမ့်မယ်။ ရီးယဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သမိုင်းကြောင်းကြီးမားတဲ့ အသင်းတစ်သင်း ဖြစ်ပြီး ဒါကို သူတို့ ရယူထားတဲ့ အောင်မြင်မှုတွေက သက်သေပြနေပါတယ်။ ပြီးတော့ ရီးယဲလ်မက်ဒရစ်အသင်းဟာ ထိပ်တန်းကစားသမားများစွာကို ပိုင်ဆိုင်ထားတာပါ။ ရီးယဲလ်မက်ဒရစ်မှာ ကျွန်တော့်သူငယ်ချင်းတွေလည်း ရှိပါတယ်။သူတို့ကတော့ ဗင်နီစီယပ်စ်နဲ့ ဘယ်လင်ဟမ်တို့ ဖြစ်ပါတယ်။ သူတို့အသင်း ဘိုင်ယန်မြူး နစ်ကို အနိုင်ရပြီးနောက် သူတို့ဆီကို ဗိုလ်လုပွဲမှာ တွေ့ကြမယ်လို့ ကျွန်တော် မက်ဆေ့ချ် ပို့ခဲ့ပါတယ်။ ရီးယဲလ်နဲ့ကစားမယ့်ပွဲက ခက်ခဲမှာဖြစ်ပြီး ကျွန်တော်ကတော့ ပွဲကစားဖို့ မစောင့်နိုင်တော့ပါဘူး"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ဆန်ချိုက အသက် ၂၄ နှစ်အရွယ်တွင် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ပါဝင်ကစားခွင့်ရမည့်အပေါ် မယုံနိုင်လောက်အောင် ဖြစ်မိကြောင်းလည်း ပြောကြားခဲ့သည်။ "လန်ဒန်မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ကစားရမယ်။ ကျွန်တော့်အတွက်တော့ အသက် ၂၄ နှစ်အရွယ်မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် ကစားခွင့်ရမှာဖြစ်လို့ မယုံနိုင်အောင်ကို ဖြစ်မိပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကစားတဲ့အချိန်မှာ အဲဒီခံစားချက်တွေက ကျွန်တော့်ကို ဖုံးလွှမ်းထားမယ် ထင်ပါတယ်။ ကျွန်တော့်အနေနဲ့ တစ်နေ့နေ့မှာ အခုလို ချန်ပီယံလိဂ်ဗိုလ်လုပွဲလို ကြီးကျယ်ခမ်းနားတဲ့ပွဲတွေ ကစားရမယ်လို့ အမြဲတမ်းယုံကြည်ထားခဲ့တာပါ"ဟု ဆန်ချိုက ပြောကြားခဲ့သည်။ 

Most Read

Most Recent