နျူကလီးယားဆွေးနွေးပွဲမတိုင်မီ မြောက်ကိုရီးယားက ပဲ့ထိန်းဒုံး ပစ်လွှတ်

နျူကလီးယားဆွေးနွေးပွဲမတိုင်မီ မြောက်ကိုရီးယားက ပဲ့ထိန်းဒုံး ပစ်လွှတ်
 မြောက်ကိုရီးယား၏ ဒုံးပစ်လွှတ်မှုသတင်းကို အောက်တိုဘာ ၂ ရက်တွင် ဆိုးလ်ရှိ ဘူတာရုံတစ်ရုံ၌ ထုတ်လွှင့်နေစဉ်
မြောက်ကိုရီးယား၏ ဒုံးပစ်လွှတ်မှုသတင်းကို အောက်တိုဘာ ၂ ရက်တွင် ဆိုးလ်ရှိ ဘူတာရုံတစ်ရုံ၌ ထုတ်လွှင့်နေစဉ်
Published 2 October 2019
Ref: AFP

နျူကလီးယားဆွေးနွေးပွဲများ ပြန်လည်စတင်မည်ဟု ပြုံယမ်းနှင့်ဝါရှင်တန်တို့ ထုတ်ပြန်ကြေညာခဲ့ပြီးနောက် တစ်ရက်အကြာ အောက်တိုဘာ ၂ ရက်တွင် ရေငုပ်သင်္ဘောမှ ပစ်လွှတ်သော ပဲ့ထိန်းဒုံးဟု ယူဆရသည့် ဒုံးကျည်တစ်စင်းကို မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့ကြောင်း ဆိုးလ်က ထုတ်ပြန်ခဲ့သည်။

ရေငုပ်သင်္ဘောမှပစ်လွှတ်သည့် ပဲ့ထိန်းဒုံး၏စွမ်းဆောင်ရည်သည် မြောက်ကိုရီးယားလက်နက်တိုက်ကို အဆင့်သစ်တစ်ခုထိ ရောက်အောင် မြှင့်တင်ပေးလိမ့်မည်ဖြစ်ကာ မြောက်ကိုရီးယားစစ်တပ် အခြေစိုက်စခန်းများ တိုက်ခိုက်ခံရသည့်အခါမျိုးတွင် နျူကလီးယားလက်နက်ဖြင့် တန်ပြန်တိုက်ခိုက်သည့် စွမ်းရည်ကိုပါ ထောက်ကူပေးလိမ့်မည် ဖြစ်သည်။

အောက်တိုဘာ ၂ ရက်အစောပိုင်းတွင် ဝန်ဆန်ဆိပ်ကမ်းအနီးမှ ပစ်လွှတ်လိုက်သော ပဲ့ထိန်းဒုံးတစ်စင်းကို ခြေရာခံမိခဲ့ကြောင်း၊ အဆိုပါဒုံးကျည်သည် အရှေ့ဘက်လားရာအတိုင်း အကွာအဝေး ၄၅၀ ကီလိုမီတာ (မိုင် ၂၈၀) ထိ ရောက်ရှိခဲ့ပြီး အမြင့်ပေ ၉၁၀ ကီလိုမီတာထိ အမြင့်ဆုံးရောက်ရှိခဲ့ကြောင်း တောင်ကိုရီးယားစစ်ဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။

ပဲ့ထိန်းဒုံးသည် Pukkusong ဒုံးကျည်အမျိုးအစားဖြစ်သည်ဟု ခန့်မှန်းရကြောင်း မြောက်ကိုရီးယား တီထွင်ဖန်တီးသော ရေငုပ်သင်္ဘောမှပစ်လွှတ်သည့် ပဲ့ထိန်းဒုံး SLBM အမျိုးအစားများကို ရည်ညွှန်း၍ စစ်ဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။ ဒုံးပစ်လွှတ်မှုများသည် ကိုရီးယားကျွန်းဆွယ်တွင် ဖြစ်ပွားနေသော တင်းမာမှုများကို လျော့ပါးစေမည် မဟုတ်ကြောင်းနှင့် ယင်းလုပ်ရပ်များကို ချက်ချင်းရပ်တန့်ရန် နောက်တစ်ကြိမ် တိုက်တွန်းကြောင်း စစ်ဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။

၂၀၁၆ ခုနှစ် သြဂုတ်လတွင် မြောက်ကိုရီးယားသည် Pukkusong -1 ဒုံးကျည် (KN- 11 ဒုံးဟု အသိများ)ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ပြီး အဆိုပါဒုံးကျည်သည် စမ်းသပ်ပစ်လွှတ်မှုအတွင်း အကွာအဝေး ကီလိုမီတာ ၅၀၀ ဝန်းကျင်ထိ ရောက်ရှိခဲ့ကြောင်းသိရသည်။

အောက်တိုဘာ ၂ ရက်တွင် လုပ်ဆောင်သော ပဲ့ထိန်းဒုံးပစ်လွှတ်မှုနှင့်ပတ်သက်၍ ကိုရီးယားကျွန်းဆွယ်အခြေအနေကို စောင့်ကြည့်လေ့လာနေသည်ဟု အမေရိကန်က ပြောကြားခဲ့သည်။ ဒုံးလက်နက်များထဲမှ တစ်ခုသည်  ဂျပန်၏ အထူးသီးသန့်စီးပွားရေးဇုန်၏ ရေပိုင်နက်အတွင်းသို့ ကျရောက်ခဲ့ကြောင်း တိုကျိူက ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးပစ်လွှတ်မှုများသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို ချိုးဖောက်နေကာ မိမိတို့အနေဖြင့် ဒုံးပစ်လွှတ်မှုများကို အပြင်းအထန်ကန့်ကွက်ပြီး အပြင်းအထန်ရှုတ်ချကြောင်း ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက သတင်းထောက်များကို ပြောကြားခဲ့သည်။

ယခုသီတင်းပတ်နှောင်းပိုင်းတွင် ၀ါရှင်တန်နှင့် အလုပ်သဘောဆွေးနွေးပွဲများ ကျင်းပရန် ပြုံယမ်းက သဘောတူခဲ့ကြောင်း မြောက်ကိုရီးယားဒုတိယနိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟွီးက ပြောကြားခဲ့ပြီးနောက် တစ်ရက်အကြာတွင် မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးပစ်လွှတ်မှု ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။                                      

 

 

Most Read

Most Recent