စာချုပ်သစ်အရ မန်ယူအသင်းဂိုးသမား ဒီဟေးယား တစ်ပတ် ပေါင်(၃၇၅၀၀၀) ရရှိမည်

စာချုပ်သစ်အရ မန်ယူအသင်းဂိုးသမား ဒီဟေးယား တစ်ပတ် ပေါင်(၃၇၅၀၀၀) ရရှိမည်
Published 17 September 2019

စက်တင်ဘာလ(၁၆)ရက်က မန်ယူအသင်းနှင့် ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့သည့် ဂိုးသမား ဒီဟေးယားအနေဖြင့် တစ်ပတ် ပေါင်(၃၇၅၀၀၀)ရရှိမည်ဖြစ်ကြောင်း သိရသည်။

ဒီဟေးယား(၂၈ နှစ်)သည် ၂၀၁၁ ခုနှစ်က အက်သလက်တီကိုအသင်းမှ မန်ယူအသင်းသို့ ပေါင်(၁၈.၉)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး မန်ယူအသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၃၆၇)ပွဲ ကစားပေးထားသူဖြစ်သည်။

နောက်ပိုင်းနှစ်များတွင် အပြောင်းအရွှေ့သတင်းများ အဆက်မပြတ်ထွက်ပေါ်နေသည့် ဒီဟေးယားကို မန်ယူအသင်းက သက်တမ်းတိုးရန် အကြိမ်ကြိမ်ကြိုးပမ်းနေခဲ့ပြီး ယခုမှ အောင်မြင်ခဲ့ခြင်းလည်းဖြစ်သည်။

စာချုပ်သစ်ထဲတွင် နောက်ထပ်တစ်နှစ် သက်တမ်းတိုးနိုင်သည့်အချက်ကို ထည့်သွင်းချုပ်ဆိုခဲ့ကြောင်းလည်း သိရှိရသည်။

ဒီဟေးယားကို သက်တမ်းတိုးနိုင်ခဲ့ပြီးနောက် မန်ယူနည်းပြ ဆိုးလ်ရှားက ''အသင်းမှာ ကာလရှည်ဆက်ရှိဖို့ ဒီဟေးယား ဆုံးဖြတ်ခဲ့တဲ့အတွက် ကျေနပ်ဝမ်းမြောက်မိပါတယ်။ မန်ယူအသင်း နေရာမှန်ပြန်ရောက်ဖို့ ရည်ရွယ်ထားတဲ့ ကျွန်တော်တို့ရဲ့ အနာဂတ်စီမံကိန်းမှာ ဒီဟေးယားဟာ အလွန်အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။

ဒီဟေးယားကလည်း ''ပရိသတ်တွေအတွက် အောင်မြင်မှုတွေ ပြန်လည်ရယူပေးနိုင်မယ်လို့ ယုံကြည်တာကြောင့် အခုလိုဆုံးဖြတ်ခဲ့တာပါ။ စာချုပ်သစ်ချုပ်ဆိုနိုင်တာ ကြီးကျယ်တဲ့ဆုလာဘ်တစ်ခုလည်းဖြစ်ပါတယ်။ ကျွန်တော့်ကို အစဉ်အမြဲအားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ပြန်လည်ပေးဆပ်နိုင်အောင် ကြိုးစားသွားမှာပါ''ဟု ပြောကြားခဲ့သည်။

 

 

Most Read

Most Recent