အော်တိုဝယ်လင်နှင့်ပွဲတွင် တိုင်ဆန်ဖူရီ မျက်ခုံးကွဲခဲ့မှုကြောင့် ၀ိုင်လ်ဒါနှင့်မကျေပွဲ နှောင့်နှေးနိုင်သည်ဟု ပွဲစီစဉ်သူ သုံးသပ်

အော်တိုဝယ်လင်နှင့်ပွဲတွင် တိုင်ဆန်ဖူရီ မျက်ခုံးကွဲခဲ့မှုကြောင့် ၀ိုင်လ်ဒါနှင့်မကျေပွဲ နှောင့်နှေးနိုင်သည်ဟု ပွဲစီစဉ်သူ သုံးသပ်
Published 16 September 2019

စက်တင်ဘာလ(၁၄)ရက်က အမေရိကန်နိုင်ငံ၊ လက်စ်ဗီးဂတ်စ်မြို့ရှိ T-Mobile Arena ၌ ထိုးသတ်ခဲ့သောပွဲတွင် ဆွီဒင်လက်ဝှေ့သမား အော်တိုဝယ်လင်ကို အမှတ်ဖြင့်အနိုင်ယူခဲ့သည့် တိုင်ဆန်ဖူရီမှာ ယင်းပွဲတွင် မျက် ခုံးကွဲဒဏ်ရာရရှိမှုကြောင့် ဒီယွန်တေးဝိုင်လ်ဒါနှင့်မကျေပွဲမှာ နှောင့်နှေးနိုင်ကြောင်း ပွဲစီစဉ်သူ ဖရန့်ဝါရင်က ထုတ်ဖော်ပြောကြားခဲ့သည်။

ယင်းပွဲမှာ မူလက ဖေဖော်ဝါရီ(၂၂)ရက်တွင် ထိုးသတ်ဖွယ်ရှိသည်ဟု သတင်းများကဖော်ပြခဲ့ပြီး ယခုအခါတွင်မူ တိုင်ဆန်ဖူရီ၏မျက်ခုံးဒဏ်ရာ ပြန်လည်သက်သာမည့်အချိန်ကာလအပေါ် မူတည်သည်ဟု ၀ါရင်က မှတ်ချက်ပေးခဲ့သည်။



တိုင်ဆန်ဖူရီနှင့် အော်တိုဝယ်လင်တို့ ထိုးသတ်ခဲ့သည့်ပွဲတွင် ဒိုင်လူကြီး(၃)ဦး စလုံးက(၁၁၆-၁၁၂၊ ၁၁၇-၁၁၁၊ ၁၁၈- ၁၁၀)မှတ်ဖြင့် တိုင်ဆန်ဖူရီကို အနိုင်ပေးခဲ့ပြီး ယင်းပွဲပြီးပြီးချင်းတွင် ၎င်းက ဒီယွန်တေးဝိုင်လ်ဒါကို မကျေပွဲပြန်လည်ထိုးသတ်ရန် စိန်ခေါ်ခဲ့ခြင်းဖြစ်သည်။

တိုင်ဆန်ဖူရီသည် ပွဲချီ(၉)ချီ ကျော်ကို မျက်ခုံးကွဲဒဏ်ရာရရှိနေလျက်နှင့်ပင် ထိုးသတ်ခဲ့ရပြီး ပွဲအပြီးတွင် ဆေးရုံသို့ ချက်ချင်းသွားရောက်ခြင်းကြောင့် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

၎င်းအနေဖြင့် လက်ဝှေ့ပွဲ(၃၀)ထိုးသတ်ရာတွင် (၂၉)ပွဲနိုင်၊ (၁)ပွဲသရေဖြင့် ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းထားနိုင်ခဲ့ပြီး အော်တိုဝယ်လင်မှာမူ လက်ဝှေ့သမားဘဝ ပထမဆုံးရှုံးပွဲ နှင့် ရင်ဆိုင်ခဲ့ရသည်။