၂၀၁၇-၂၀၁၈ ခုနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဘေးအန္တရာယ် ဖြစ်ပွားမှု ၁၄၁ ကြိမ်ကျော်အထိရှိခဲ့ပြီး ၁၃၀၀၀ ကျော် ဘေးဒုက္ခ ခံစားခဲ့ရကြောင်း အောက်တိုဘာ ၁၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့ အခမ်းအနားမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ဘေးအန္တရာယ်ဖြစ်ပွားမှု ၁၄၁ ကြိမ်ကျော်ရှိခဲ့ပြီး လူဦးရေ ၁၃၁၇၈ ဦး ဘေးဒုက္ခ ခံစားခဲ့ရသဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းမှ ပြည်သူများအတွက် စုစုပေါင်း ကျပ် ၂၂၆ သန်း ထောက်ပံ့ပေးခဲ့ရကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ လူနေအိမ်၊ တိုက်တာအဆောက်အအုံ များပြားပြီး လူဦးရေထူထပ်မှု သိပ်သည်းဆသည်လည်း အခြားသော မြို့များထက် များပြားနေကြောင်း၊ စီးပွားရေးအရ ကုန်သွယ်မှု ဗဟိုအချက် အချာကျသော နေရာတစ်ခုဖြစ်ပြီး လူများ၏ ပေ့ါဆမှု၊ ရာသီဥတုဖောက်ပြန်မှု၊ ပထဝီအနေအထား ပြောင်းလဲမှုများကြောင့် နှစ်စဉ် မီးဘေး၊ ရေဘေး၊ လေဘေးများ ဖြစ်ပွားလေ့ရှိပြီး ထိခိုက်ပျက်စီးမှု များပြားကြောင်း အဆိုပါပွဲမှ သိရသည်။
“ကမ္ဘာကြီးက ရာသီဥတု ပြောင်းလဲတဲ့ဒဏ်တွေ၊ သဘာဝဘေး အန္တရာယ်တွေ တိုးမြှင့်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ပေါ်ပေါက်နေတဲ့ အခြေအနေတွေကို ကြည့်လိုက်မယ်ဆိုရင် ပိုပိုတိုးမြှင့်လာတာ ကိုတွေ့ရမှာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေနဲ့ ၂၀၁၆ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ၆၃ ရာခိုင်နှုန်းလောက် တိုးမြှင့်လာတာမျိုး တွေ့ရပါတယ်။ ဒီအခြေအနေက ကမ္ဘာကြီးတစ်ခုလုံး အရေးကြီးနေပြီဆိုတာ သံချောင်းခေါက်လိုက်တာ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ထို့ပြင် ယခုနှစ် ကမ္ဘာ့ကုလသမဂ္ဂမှ သဘာဝဘေး အန္တရာယ်လျော့ချရေးနေ့အတွက် ဆောင်ပုဒ်သည် ပြည်သူ့ဘဝ တိုးတက်ပြောင်းလဲဖို့ ဘေးအန္တရာယ်ကြောင့် စီးပွားဆုံးရှုံးမှု လျှော့ချကြစို့ဖြစ်ကြောင်း၊ သဘာဝဘေး အန္တရာယ်များကြောင့် စီးပွားရေး ထိခိုက်နစ်နာမှုများဖြစ်ပြီး တိုးတက်မှုများနှောင့် နှေးကြန့်ကြာကာ လူမှုဘဝများ နှိမ့်ကျလာနိုင်ကြောင်း၊ ကျွန်တော်တို့ကဲ့သို့ ဖွံ့ဖြိုးစ ပြုပြင်ပြောင်းလဲနေသည့် နိုင်ငံများတွင် ပိုပြီးကြုံတွေ့ရကြောင်း၊ ထို့ကြောင့် ပေါ်ပေါက်လာသည့် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်နေရကြောင်း ၎င်းက ပြောကြားသည်။
“ကမ္ဘာကြီးရဲ့ မြေအောက်ရေတွေ၊ ဂက်စ်၊ ရေနံ၊ ကျောက်မျက်ရတနာတွေ ထုတ်ယူသုံးစွဲခဲ့တယ်။ ဆူနာမီဒဏ်ကို အင်ဒိုနီးရှားနိုင်ငံမှာ ခံနေရတယ်။ ငလျင်ဒဏ်ကို ခံနေရတယ်။ ကမ္ဘာကြီးကို ပြန်လည် စောင့်ရှောက်မှုတွေ မလုပ်နိုင်ဘူးဆိုရင် ဒီအကြောင်းတရားတွေ တုံ့ပြန်မှုကိုခံရမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
မြန်မာနိုင်ငံသည် စစ်ကိုင်းပြတ်ရွေ့ကြောပေါ်တွင် တည်ရှိနေကြောင်း၊ ဧရာဝတီ မြစ်ဝှမ်းဒေသည်လည်း နိမ့်ကျသွားနိုင်ကြောင်း၊ ယခုခြေအနေသည် စိန်ခေါ်မှုဖြစ်ကြောင်း၊ အာရှသည် သဘာဝဘေးအန္တရာယ်ကို ပိုမိုခံစားလာရသည့် အခြေအနေများ တွေ့မြင်နေရကြောင်း၊ လူသားအချင်းချင်း စာနာထောက်ထားမှုအပြင် သဘာဝတရား၏ ဂေဟစနစ်ကို ပြန်လည်ထိန်းသိမ်းဖို့ လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။
“ကျွန်တော်တို့ တိုင်းဒေသကြီးအနေနဲ့ သဘာဝတောတွေ ပြန်လည်ထွန်းကားလာနိုင်ဖို့၊ ဒီရေရောက်တောတွေ ပြန်လည်ဖြစ် ထွန်းလာနိုင်ဖို့၊ ရန်ကုန်မြို့ရဲ့ မြေအောက်ရေ ထုတ်ယူသုံးစွဲနေမှုကို ထိန်းနိုင်ဖို့ ကျွန်တော်တို့ကနေ ပြန်ပေးနိုင်တာတွေပြုနိုင်ဖို့ စဉ်းစားရတော့မယ် အချိန်ဖြစ်နေပါပြီ၊ ကျွန်တော်တို့ သဘာဝတရားရဲ့ဒဏ်ကို ပြန်လည်အန်တုနိုင်ဖို့ ကမ္ဘာကြီးရဲ့ သဘာဝအန္တရာယ်ကို တွန်းလှန်နိုင်ဖို့ဆိုရင် ကမ္ဘာမြေကြီးနဲ့ သဘာဝတရားကို စောင့်ရှောက်ရပါလိမ့်မယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။















