အီရန်၊ အာဖဂန်နစ္စတန်နှင့် အခြားကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှု အများအပြားတွင် သဘောထား အလွန်အမင်း ကွဲပြားခဲ့သည့် သဘောထား တင်းမာသော အမျိုးသား လုံခြုံရေးအကြံပေး ဂျွန်ဘိုတန်အား ရာထူးမှ ဖယ်ရှားခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ရုတ်တရက် ကြေညာခဲ့သည်။
ထရန့်သည် ၎င်း၏ပင်ကိုစရိုက်နှင့် ကွဲပြားသော အကြံဉာဏ်များအား လက်ခံမှု နည်းလာချိန်တွင် စက်တင်ဘာ ၁၀ ရက်၌ ဘိုတန် ရုတ်တရက် ထုတ်ပယ်ခံခဲ့ရမှုသည် သမ္မတ၏ အတွင်းစည်းထဲမှ သဘောထားကွဲလွဲသော ထင်ရှားသည့်ပုဂ္ဂိုလ် တစ်ဦး၏ နောက်ဆုံးထွက်ခွာမှု ဖြစ်လာခဲ့သည်။ ထရန့်သည် ခက်ခဲသော နိုင်ငံခြားရေး မူဝါဒများအတွက် ဆုံးဖြတ်ချက် ချမှတ်ရာတွင် ဖိအားများ ကြုံနေရစဉ် ကမ္ဘာ့စင်မြင့်၌ သမ္မတအတွက် စမ်းသပ်ခံနေရသည့် ကာလ၌ ယင်းထုတ်ပယ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သမ္မတ၏ ဝန်းကျင်မှ လူများအားသြဇာ လွှမ်းမိုးနိုင်ရန်နှင့် ကမ္ဘာတွင် အဆိုးရွားဆုံး ခေါင်းဆောင်အချို့နှင့် ညှိနှိုင်းဆွေးနွေးရန် ထရန့်၏ စိတ်ဆန္ဒအား စီမံခန့်ခွဲနိုင်ရန်နှင့် ပတ်သက်ပြီး သမ္မတ၏ တတိယမြောက် အမျိုးသား လုံခြုံရေးအကြံပေး ဘိုတန်နှင့် အခြားတာဝန်ရှိသူများအကြား မကြာသေးမီလများအတွင်း တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။ ပြီးခဲ့သောနှစ် နွေဦးတွင် အစိုးရအဖွဲ့တွင် ပါဝင်ခဲ့ပြီးနောက် ဘိုတန်က မြောက်ကိုရီးယားနှင့် ပြန်လည်သင့်မြတ်ရန် ကြိုးပမ်းနေသော ထရန့်၏ လုပ်ရပ်များအား သံသယဝင်ခဲ့ပြီး မကြာသေးမီကလည်း ထရန့်က အီရန်သမ္မတ ဟက်ဆန်ရိုဟာနီနှင့် အာဖဂန်နစ္စတန်၏ တာလီဘန် ခေါင်းဆောင်များနှင့် ဖြစ်နိုင်ခြေရှိသော ဆွေးနွေးပွဲများကိုလည်း အစိုးရအဖွဲ့တွင်း ဝေဖန်သူ ဖြစ်လာခဲ့သည်။
ရုရှား၏ ကမ္ဘာလုံးဆိုင်ရာ ရန်စမှုအား ဘိုတန်က ကန့်ကွက်ရှုတ်ချခဲ့ပြီး ထရန့်နှင့် သဘောကွဲလွဲခဲ့သည်။ ထို့ပြင် ဒေသတွင်း၌ IS ဂျီဟတ်အဖွဲ့၏ အကြွင်းအကျန်များနှင့် အီရန်၏ သြဇာလွှမ်းမိုးမှုများအား တန်ပြန်ရန်အတွက် ဆီးရီးယားတွင် အမေရိကန် တပ်ဖွဲ့ဝင်များအား ဆက်လက်ထားရှိရန်အတွက် ထရန့်ကို စည်းရုံးနိုင်ရန် ဘိုတန်က ပြီးခဲ့သောနှစ်တွင် အစိုးရအဖွဲ့တွင်းနှင့် ပြည်ပမှ မဟာမိတ်များအား တိတ်တဆိတ် စည်းရုံးခဲ့သည်။
ဘိုတန် အစိုးရအဖွဲ့မှ ထွက်ခွာမှုနှင့် ပတ်သက်၍ ထရန့်နှင့် ဘိုတန်တို့က စက်တင်ဘာ ၁၀ ရက်တွင် Twitter ၌ ကွဲလွဲသော မှတ်ချက်များအား ထုတ်ပြန်ခဲ့ကြသည်။ ဘိုတန်အား အိမ်ဖြူတော်တွင် တာဝန်ထမ်းဆောင်ရန် မလိုအပ်တော့ကြောင်း စက်တင်ဘာ ၉ ရက် ညတွင် ပြောကြားခဲ့ပြီး ၎င်းက စက်တင်ဘာ ၁၀ ရက်နံနက်တွင် နုတ်ထွက်စာ တင်ခဲ့ကြောင်း ထရန့်က Twitter ၌ ရေးသားခဲ့သည်။
ဘိုတန်ကမူ ရာထူးမှနုတ်ထွက်ရန် စက်တင်ဘာ ၉ ရက်ကတည်းက ပြောကြားခဲ့ခြင်းဖြစ်ပြီး သမ္မတက နောက်တစ်နေ့တွင်မှ ဆွေးနွေးရန် ပြောကြားခဲ့ကြောင်း Twitter တွင် ရေးသားခဲ့သည်။ အမျိုးသား လုံခြုံရေးအကြံပေး တစ်ဦးအဖြစ် ဘိုတန်၏ အကြံပြုချက် အများအပြားသည် မိမိနှင့် သဘောထား အလွန်အမင်း ကွဲလွဲခဲ့ကြောင်း၊ အစိုးရအဖွဲ့တွင်းမှ အခြားသူ အများအပြားလည်း ယင်းကဲ့သို့ ဖြစ်ခဲ့ကြကြောင်း ထရန့်က ပြောကြားခဲ့သည်။
Camp David တွင် တာလီဘန်တို့နှင့် ပြီးခဲ့သော သီတင်းပတ်၌ တွေ့ဆုံရန် စီစဉ်မှုအား ဘိုတန်၏ ကန့်ကွက်မှုသည် ထရန့်အတွက် မရဲဘဲ ကျွဲပြဲစီး သကဲ့သို့ ဖြစ်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်ဟု စက်တင်ဘာ ၁၀ ရက်တွင် ထရန့်နှင့် ခရီးအတူသွားခဲ့သည့် တောင်ကယ်ရိုလိုင်းနား၏ အထက်လွှတ်တော်အမတ် လင်ဆေးဂရေဟမ်က ပြောကြားခဲ့သည်။ ထို့ပြင် ထရန့်နှင့် ရိုဟာနီတို့အကြား အလားအလာရှိသော တွေ့ဆုံမှုကိုလည်း ဘိုတန်က ဆန့်ကျင်ခဲ့ကြောင်း ၎င်းတို့နှစ်ဦးအကြား သဘောထား ကွဲလွဲမှုနှင့် နီးစပ်သော ရီပက်ဘလီကင် အမတ်တစ်ဦးက ပြောကြားခဲ့သည်။
Ref : AFP














