ဂျပန်လက်ရွေးစင် အသင်းခေါင်းဆောင် ယိုရှီဒါက ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ အဖွင့်ပွဲအဖြစ် မြန်မာအသင်းနှင့် ယှဉ်ပြိုင်ရမည့်ပွဲတွင် အနိုင်ရရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
''အဖွင့်ပွဲမှာ အနိုင်ရဖို့ ကြိုးပမ်းသွားမှာပါ။ ပြိုင်ဘက်အသင်းကို ဂိုးစမပေးရဖို့ အရေးကြီးပါတယ်။ ဂိုးပေးလိုက်ရရင် ကစားရခက်ခဲသွားနိုင်ပါတယ်။ ဂိုးစသွင်းနိုင်အောင် ကြိုးပမ်းပြီး အနိုင်ရအောင် ကစားမှာပါ။ လာရောက်အားပေးတဲ့ ဂျပန် ပရိသတ်တွေကိုလည်း ပျော်ရွှင်စေချင်ပါ တယ်''ဟု ယိုရှီဒါက စက်တင်ဘာ ၇ ရက် ညနေပိုင်းတွင် သုဝဏ္ဏလေ့ကျင့်ရေးကွင်း-၁ ၌ ပြုလုပ်သည့် လေ့ကျင့်ခန်းအစီအစဉ်အပြီးတွင် မီဒီယာများကို ပြောကြားသည်။
ဂျပန်လက်ရွေးစင်အသင်းသည် စက်တင်ဘာ ၆ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့သို့ရောက်ရှိ လာပြီး စက်တင်ဘာ ၇ ရက်မှစတင်ကာ လေ့ကျင့်ပြင်ဆင်နေခြင်းဖြစ်သည်။
ဂျပန်လက်ရွေးစင်အသင်းတွင် ဥရောပအခြေစိုက်ကစားသမားအများအပြား ပါဝင်လာပြီး အုပ်စုပထမပွဲအဖြစ် မြန်မာအသင်းနှင့် အဝေးကွင်းယှဉ်ပြိုင်ရခြင်းဖြစ်သည်။