ရန်ကုန်တိုင်းအစိုးရက Weekly Eleven အယ်ဒီတာချုပ် အပါအဝင် သုံးဦးအား ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲခြင်းမှာ သတင်းမီဒီယာဥပဒေပြဋ္ဌာန်းချက်ကို မျက်ကွက်ပြုခြင်းဖြစ်ပြီး ဖြစ်စဉ်အား ပြည်ထောင်စုအစိုးရက ပြန်လည်သုံးသပ်၍ တရားမျှတစွာဆောင်ရွက်ပေးရန် မြန်မာစာနယ်ဇင်းသမဂ္ဂ တောင်းဆို
ရန်ကုန်တိုင်းဒေသကြီး အစိုးရက Weekly Eleven အယ်ဒီတာချုပ် အပါအဝင် သုံးဦးအား ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲခြင်းမှာ သတင်းမီဒီယာဥပဒေပြဋ္ဌာန်းချက်ကို မျက်ကွက်ပြုခြင်းဖြစ်ပြီး ဖြစ်စဉ်အား ပြည်ထောင် စုအစိုးရက ပြန်လည်သုံးသပ်သင့်ပြီး တရားမျှတစွာ ဆောင်ရွက်ပေးရန် တောင်းဆိုကြောင်း အောက်တိုဘာ ၁၂ ရက်တွင် မြန်မာစာနယ်ဇင်းသမဂ္ဂက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်တွင် Weekly Eleven Journal တွင် ဖော်ပြပါရှိသည့် “အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူအမည်ပေါက် ပြည်သူ့ရှယ်ယာ” သတင်းဆောင်းပါးတွင်ပါရှိသည့် အချက်အလက်အချို့ကို လွဲမှားနေသည်ဟုဆိုကာ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့က တရားပြုလုပ်၍ အယ်ဒီတာနှစ်ဦးနှင့် သတင်းထောက်ချုပ်တစ်ဦးအား ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆို၍ ချက်ချင်းဖမ်းဆီးခဲ့ကြောင်း ပါရှိသည်။
ထိုလုပ်ရပ်သည် လက်ရှိမြန်မာနိုင်ငံ သတင်းမီဒီယာ ဥပဒေပါပြဋ္ဌာန်းချက်များကို မျက်ကွယ်ပြု၍ အစိုးရအား ဝေဖန်ရေးသားခဲ့သည့် သတင်းသမားများအား အခြားပုဒ်မများဖြင့် အရေးယူခဲ့သည်ကို လေ့လာတွေ့ရှိခဲ့ ကြောင်း၊ သတင်းမီဒီယာဥပဒေတွင် ပြဿနာတစ်စုံတစ်ခုဖြစ်ပွားပါက ဦးစွာမီဒီယာကောင်စီသို့ တိုင်ကြားဖြေရှင်းဆောင်ရွက်ရန် အတိအလင်း ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ အကယ်၍ ညှိနှိုင်းဆောင်ရွက်၍မရပါက သတင်းမီဒီယာ ဥပဒေဖြင့်သာ တရားစွဲဆိုရမည်ဖြစ်သော်လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြင်းထန်သော ပုဒ်မများဖြင့် သတင်းမီဒီယာသမားများကို တရားစွဲခြင်းအား မြန်မာစာနယ်ဇင်းသမဂ္ဂက အထူးကန့်ကွက်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့ပြင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလအတွင်း လက်ရှိအစိုးရတစ်ရပ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများအား ပေးအပ်ထားသည့် အခွင့်အရေးများကို လျစ်လျူရှု၍ ဆောင်ရွက်နေခြင်းသည် ဒီမို ကရေစီစံနှုန်းနှင့် တန်ဖိုးများကိုလည်းကောင်း၊ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် လွတ်လပ်စွာ ရေးသားဝေဖန်ပိုင်ခွင့်များကိုလည်းကောင်း ဆိုးဆိုးရွားရွား ထိခိုက်လာသည့်အတွက် ယခုဖြစ်စဉ်အား ပြည်ထောင်စုအစိုးရက ပြန်လည်သုံးသပ်၍ တရားမျှတစွာဆောင်ရွက်ပေးပါရန် တောင်းဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရန်ကုန်တိုင်းအစိုးရက Weekly Eleven အယ်ဒီတာချုပ် အပါအဝင် သုံးဦးအား စတင်တရားစွဲဆို ဖမ်းဆီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်တွင် ပြည်ပမီဒီယာအဖွဲ့အစည်းများကလည်း ကန့်ကွက်ကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတွင် မီဒီယာများကို ဖိနှိပ်ရန်အတွက် ခေတ်မမီတော့သည့် ဥပဒေများကို ဆက်လက် အသုံးပြုနေခြင်းကြောင့် မြန်မာ့ဒီမိုကရေစီနှင့် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထိခိုက်နစ်နာကြောင်း၊ ယင်းဖြစ်ရပ်မှာ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းမည်ဟု အခိုင်အမာပြောကြားခဲ့သည့် မြန်မာနိုင်ငံတွင် လက်သင့်ခံစရာ မကောင်းကြောင်း၊ ဂျာနယ်လစ်များက ၎င်းတို့ ၏ တာဝန်များ ထမ်းဆောင်မှုအတွက် တရားစွဲဆိုခြင်းနှင့် ဖမ်းဆီးခြင်းတို့သည် လွတ်လပ်စွာ ဖော်ထုတ်ရေးသားခွင့်ကို ဖိနှိပ်သည့် ဗြောင်ကျသည့် လုပ်ရပ်ဖြစ်ကြောင်း၊ ဖမ်းဆီးခံထားရသည့် ဂျာနယ်လစ်များကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ မြန်မာနိုင်ငံ နိုင်ငံ ခြားသတင်းထောက်များအသင်း၊ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ စသည့်အဖွဲ့များက ထုတ်ပြန်ခဲ့ကြသည်။
အလားတူ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ (MPC) ကလည်း ယခုဖြစ်ရပ်အား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် MPC သို့ ဦးစွာတိုင်ကြားရန်လိုအပ်ကြောင်း အောက်တိုဘာ ၁၁ ရက်က ကြေညာချက်ထုတ် ပြန်ခဲ့သည်။ ထို့ပြင် ပြည်တွင်းမီဒီယာအဖွဲ့ အစည်းများဖြစ်သည့် မြန်မာဂျာနယ်လစ်ကွန် ရက်၊ မြေလတ်ဂျာနယ်လစ်ကွန်ရက်၊ ဧရာဝတီ ဂျာနယ်လစ်ကွန်ရက်၊ လားရှိုးသတင်းထောက် များအသင်း စသည့် အဖွဲ့များမှလည်း ယခုကဲ့သို့ ချက်ချင်းဖမ်းဆီး၍ ထောင်ချခြင်းသည် သတင်းထောက်၊ အယ်ဒီတာများကို အကြောက်တရားရရှိအောင် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ တိုင်ကြားခြင်းမရှိဘဲ အမှုတန်းဖွင့်သည့် လုပ်ဆောင်မှုသည် ပြဿနာကို ပြေလည်အောင်ဖြေရှင်းလို သည့် ဆန္ဒမရှိခြင်းဖြစ်ကြောင်း၊ အမှုဖွင့်ထားသည်ကို အမြန်ဆုံး ရုပ်သိမ်းပေးရန်နှင့် သတင်းမီဒီယာကောင်စီသို့ တိုင်ကြားပြီး ဖြေရှင်းဆောင်ရွက်ရန် တိုက်တွန်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။















