နည်းပြ မွန်တဲလားကို အချိန်ပေးရန်လိုအပ်မည်ဟု ယူဆကြောင်း အေစီမီလန်အသင်းအမှုဆောင်ချုပ် ပြောကြား

နည်းပြ မွန်တဲလားကို အချိန်ပေးရန်လိုအပ်မည်ဟု ယူဆကြောင်း အေစီမီလန်အသင်းအမှုဆောင်ချုပ် ပြောကြား
Published 17 October 2017

Photo: EPA

အေစီမီလန်အသင်း၏ အမှုဆောင်ချုပ် မာကိုဖက်ဆိုနီက ဖိအားများနှင့် ရင်ဆိုင်နေရသည့် နည်းပြ မွန်တဲလားကို အချိန်ပေးရန် လိုအပ်မည်ဟု ယူဆကြောင်း ထောက်ခံပြောကြားခဲ့သည်။

မွန်တဲလားသည် ပြီးခဲ့သည့်နွေရာသီတွင် ငွေကြေးပေါင်သန်း(၁၆၀)ဝန်းကျင်သုံးစွဲပြီး အားဖြည့်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သော်လည်း ရလဒ်ကောင်းများ ရယူနိုင်ခြင်းမရှိ၍ ဝေဖန်ပြစ်တင်ခံနေရသူဖြစ်သည်။

လက်ရှိအချိန်၌ စီးရီးအေတွင် (၃)ပွဲဆက်တိုက် ရှုံးနိမ့်ပြီး အဆင့်(၁၀)နေရာသို့လည်း ကျရောက်သွားခဲ့သည်။

ထို့ကြောင့် မီလန်ဒါဘီပွဲမှာ ၎င်း၏နည်းပြရာထူးအတွက် အဆုံးအဖြတ်ဖြစ်လာနိုင်ကြောင်း ထင်ကြေးပေးသူတချို့ရှိခဲ့သော်လည်း မီလန်ဒါဘီရှုံးပွဲအပြီးတွင် မာကိုဖက်ဆိုနီက မွန်တဲလားကို ထောက်ခံနေကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မာကိုဖက်ဆိုနီက "ကျွန်တော်တို့ မွန်တဲလားနဲ့ ရှေ့ဆက်သွားမယ်ဆိုတာ သေချာပါတယ်။ အသင်းက ပြန်လည်တည်ဆောက်နေရတဲ့အချိန်ဖြစ်တာကြောင့် အချိန်ပေးဖို့လည်း လိုအပ်မှာပါ။ ပြီးတော့ မွန်တဲလားအနေနဲ့ ကြိုးစားအလုပ်လုပ်နေတယ်ဆိုတာကိုလည်း မြင်တွေ့နေရပါတယ်။ ဒါဘီပွဲဆိုတာကတော့ အမြဲအံ့အားသင့်စရာတွေ ဖြစ်တတ်ပါတယ်။ ဒီတစ်ကြိမ် ကျွန်တော်တို့အတွက် ဆိုးရွားခဲ့ပြီး သူတို့ အောင်ပွဲခံနိုင်ခဲ့ပေမယ့် နောက်တစ်ကြိမ်မှာ ကျွန်တော်တို့ပရိသတ်တွေကို အပြောင်းအလဲဖြစ်အောင် ဖန်တီးပေးနိုင်မှာပါ" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent