ဇွန် ၁ ရက်တွင် စတင် ဆောင်ရွက်မည့် လက်ကိုင်ဖုန်း ဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချခြင်းအတွက် ကျသင့် ကုန်သွယ်လုပ်ငန်းခွန်မှ အခွန်ခုနှိမ် ပေးသွင်းခြင်းနှင့် စပ်လျဉ်း၍ ပြည်တွင်းအခွန်များ ဦးစီးဌာနက အသိပေး ကြေညာချက် ထုတ်ပြန်သည်။
ကုန်သွယ်လုပ်ငန်းခွန် စည်းမျဉ်းများနှင့်အညီ မှတ်ပုံတင်ထားသည့် ကုန်စည်ကို တင်းသွင်း/ဝယ်ယူ ရောင်းချသည့် ကုန်သွယ်မှုလုပ်ငန်း ဆောင်ရွက်သူသည် ကုန်သွယ်လုပ်ငန်းခွန် စည်းမျဉ်းများနှင့်အညီ ကုန်သွယ်လုပ်ငန်းခွန် ခုနှိမ် ပေးဆောင်ခွင့် ရှိသည်။ သို့ရာတွင် ပြည်တွင်း၌ ကုန်စည် ဝယ်ယူရာတွင် မိမိအား ကုန်စည် ရောင်းချသူသည် သို့မဟုတ် ဝန်ဆောင်မှု ရယူရာတွင် မိမိအား ဝန်ဆောင်မှု ဆောင်ရွက်ပေးသူသည် ကုန်သွယ်လုပ်ငန်းခွန် စည်းမျဉ်းများနှင့်အညီ မှတ်ပုံတင်ထားသူ မဟုတ်ပါက အခွန်ခုနှိမ် ပေးဆောင်ခွင့် မရှိပါ။ သို့ဖြစ်ပါ၍ အခွန်ခုနှိမ် ပေးသွင်းခွင့် ရရှိရေးအတွက် မိမိကိုယ်တိုင် ကုန်သွယ်လုပ်ငန်းခွန် စည်းမျဉ်းများနှင့်အညီ သက်ဆိုင်ရာ အခွန်ရုံးတွင် မှတ်ပုံတင်ထားရန် လိုအပ်သကဲ့သို့ ကုန်သွယ်လုပ်ငန်းခွန် စည်းမျဉ်းများနှင့်အညီ မှတ်ပုံတင်ထားပြီး အခွန်ပေးသွင်းနေသူထံမှ ဝယ်ယူခြင်း၊ ဝန်ဆောင်မှု ရယူခြင်း ဆောင်ရွက်ရန် လိုအပ်သည်။
လစဉ် ကျသင့်သော ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရာတွင် ဆောင်ရွက်သည့် လုပ်ငန်းအတွက် ကျသင့် ကုန်သွယ်လုပ်ငန်းခွန်မှ ပြည်ပမှ ကိုယ်တိုင် တင်သွင်းစဉ် အကောက်ခွန်နှင့်အတူ ပေးဆောင်ခဲ့ရသည့် ကုန်သွယ် လုပ်ငန်းခွန်၊ ပြည်တွင်း၌ ဝယ်ယူစဉ် ကုန်စည်တန်ဖိုးနှင့်အတူ ပေးချေခဲ့ရသည့် ကုန်သွယ် လုပ်ငန်းခွန်၊ ပြည်တွင်း၌ ဝန်ဆောင်မှု ရယူစဉ်က ဝန်ဆောင်မှု တန်ဖိုးနှင့်အတူ ပေးချေခဲ့ရသည့် ကုန်သွယ်လုပ်ငန်းခွန် တို့ကို သတ်မှတ် အထောက်အထား ပုံစံများ ပူးတွဲ တင်သွင်းလျက် လစဉ်ခုနှိမ် ပေးသွင်းနိုင်သည်။
အခွန်ခုနှိမ် ပေးသွင်းခြင်းဆိုင်ရာ သတ်မှတ်ချက်အနေဖြင့် ကုန်စည်ကို ပြည်ပမှ ကိုယ်တိုင် တင်သွင်း ရောင်းချသည့် ကုန်သွယ်မှု လုပ်ငန်းနှင့် ကုန်စည်ကို ပြည်တွင်း၌ ဝယ်ယူ ရောင်းချသည့် ကုန်သွယ်မှုလုပ်ငန်း ဟု ခွဲခြားထားသည်။
အခွန်ခုနှိမ် ပေးသွင်းခြင်းဆိုင်ရာ ကန့်သတ်ချက်များမှာ လုပ်ငန်းရှင်၏ ပုံသေပိုင်ပစ္စည်း သို့မဟုတ် မတည် အပိုင်ပစ္စည်းများအတွက် ပေးဆောင်ခဲ့ရာသည့် ကုန်သွယ် လုပ်ငန်းခွန်ကို ခုနှိမ်ခွင့် မရှိပါ။ ပျက်စီးသွားသော ကုန်စည်များ၊ ရောင်းချခြင်း မပြုသည့် ကုန်စည်များအတွက် အခွန်ခုနှိမ်ခွင့် မရှိပါ။ ကျသင့်အခွန်မှ ပေးဆောင်ခဲ့ရသည့် ကုန်သွယ် လုပ်ငန်းခွန်ကို ခုနှိမ်ရာတွင် ပေးဆောင်ခဲ့ရသည့် ကုန်သွယ် လုပ်ငန်းခွန်က ပိုမိုသည့်ကိစ္စ၌ ခုနှိမ်ရန် ပိုမိုနေသည့် ကုန်သွယ် လုပ်ငန်းခွန်ကို လာမည့်နှစ်များတွင် ကျသင့် ကုန်သွယ် လုပ်ငန်းခွန်မှ ခုနှိမ်နိုင်ရန် ဆက်လက် သယ်ဆောင်နိုင်သည်။ ဆက်လက် သယ်ဆောင်ရန် မရှိပါက သို့မဟုတ် ဆက်လက် သယ်ဆောင်လိုခြင်း မရှိပါက ဝင်ငွေခွန် တွက်ချက်ရာတွင် ခွင့်ပြု နုတ်ပယ်ပေးကြောင်း သိရသည်။