မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများ လွယ်ကူချောမွေ့ပြီး ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင်ရန် ပြင်ဆင်သင့်သည့် လုပ်ငန်းစဉ်များကို ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောကြားသည်။
နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၌ မေ ၇ ရက်က ပြုလုပ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ သတင်းစာရှင်းလင်းပွဲ အပြီးတွင် မီဒီယာများအား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက မီဒီယာများအား အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ ဝန်ကြီးဌာနက အဓိကအားဖြင့်တော့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်း လုပ်တဲ့ကိုင်တဲ့အခါမှာ အားလုံးလွယ် လွယ်ကူကူ သက်သောင့်သက်သာနဲ့ လုပ်နိုင် ပြီးတော့မှ ချောချောမွေ့မွေ့ လုပ်နိုင်လို့ရှိရင် တိုင်းပြည်ထဲမှာ ရင်းနှီးမြှုပ်နှံမှု ပိုဝင်လာနိုင် တယ်ပေါ့။ အဲဒီဟာကို ရည်ရွယ်ပြီးတော့မှ လုပ်ငန်းစဉ်တွေ မြန်အောင်၊ လွယ်အောင် ကျွန်တော်တို့က ပြင်ဆင်ပြောင်းလဲသင့်တာ လေးတွေ လုပ်နေပါတယ်။ လုပ်တော့ ကိုယ့် ဌာနတစ်ခုတည်း လုပ်လို့မရဘူး။ ဝန်ကြီးဌာန အသီးသီးကလည်း ပါဖို့လိုတယ်။ ပါဖို့လိုတဲ့ အခါမှာ ဒီဝန်ကြီးဌာနအသီးသီးမှာရှိတဲ့ အကြီး တန်းအရာရှိတွေ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ပိုပြီးတော့ ထဲထဲဝင်ဝင် သိပြီးတော့ သူတို့ကိုယ် တိုင် ပါဝင်လာနိုင်ဖို့လည်း လိုတယ်ပေါ့။ ဒီအ တွက်ကို ကျွန်တော်တို့က ရည်ရွယ်ပြီးတော့ ဒီကနေ့ အလုပ်ရုံ ဆွေးနွေးပွဲလုပ်တာ ဖြစ်တယ်” ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။
ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်သည့် ဆက်စပ်ဝန်ကြီးဌာန အသီးသီးမှ အကြီးတန်း အရာရှိများကို ခေါ်ယူဖိတ်ကြားပြီး မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူချောမွေ့စေရန် ဆောင်ရွက်ရေးတို့အတွက် ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲဖြစ်ကြောင်း ဦးအောင်နိုင်ဦးက ပြောကြားသည်။
ဦးအောင်နိုင်ဦးက “ကျွန်တော်အနေနဲ့ ဒီနေ့တင်ပြတဲ့အချက်တွေကတော့ နိုင်ငံတ ကာရင်းနှီးမြှုပ်နှံသူတွေက ဘယ်အချက်တွေ ကို အဓိကအလေးအနက်ထားပြီးတော့ စဉ်း စားတယ်။ ဒါတွေကို ကျွန်တော်တို့ ဒီမှာရှိတဲ့ ဒီအစိုးရဌာနအသီးသီးက အကြီးတန်းအရာရှိ တွေ သိဖို့လိုတယ်။ နောက် ကျွန်တော်တို့ တိုင်းပြည်မှာ အခက်အခဲတွေ၊ ရင်းနှီးမြှုပ်နှံမှု လုပ်တဲ့အခါမှာ ဘာအခက်အခဲတွေ အခု လက်ရှိပေါ်ပေါက်နေတယ်။ ဒီအခက်အခဲဆို တာလည်း ရင်းနှီးမြှုပ်နှံသူတွေရဲ့ ပြောကြား ချက်အရ ဖြစ်ပေါ်နေတဲ့ အခက်အခဲ၊ ဒါတွေ အားလုံးကိုလည်း ဒီမှာရှိတဲ့ အစိုးရဌာနအသီး သီးက အရာရှိကြီးတွေ ကျွန်တော်တို့ သိဖို့လို တယ်။ နောက် ကျွန်တော်တို့ ရှေ့လျှောက်လုပ် တဲ့အခါမှာ ကျွန်တော်တို့ ဘာတွေကို အဓိက အလေးအနက်ထားပြီးတော့ ပြင်ဆင်ပြုပြင် ပြောင်းလဲဖို့ လိုအပ်တယ်။ ဒါတွေကို ကျွန်တော်တို့က အဓိကအားဖြင့် ရှင်းပြတာပါ” ဟု ပြောကြားသည်။
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ အလုပ်ရုံဆွေးနွေးပွဲကို UK အစိုးရက အဓိက အကူအညီ ပေးထားကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ နည်းပညာပိုင်းဆိုင်ရာ အဓိက အကူအညီပေးနေသည့် DaNa Facility ကလည်း ၀ိုင်းဝန်းကူညီ ပေးကြောင်း ဦးအောင်နိုင်ဦးက ပြောကြားသည်။
“ကုမ္ပဏီက အခုလက်ရှိ ကျွန်တော်တို့ တိုင်းပြည်မှာ ကုမ္ပဏီ ၆၀၀၀၀ လောက်ရှိတယ်။ မှတ်ပုံတင်ထားတာပေါ့။ ဒါပေမဲ့ အဲဒီလိုလုပ်တာ ကျွန်တော်တို့ ကုမ္ပဏီဥပဒေအ သစ်လည်း ထွက်ထားတယ်။ နောက် Online နဲ့လည်း မှတ်ပုံတင်ပေးထားတာ ဆိုတော့ ကုမ္ပဏီတွေက တိုးတက်မှုနှုန်း မြန်ပါတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့က ၂၀၀၄-၂၀၀၅ မှာ တစ်နှစ်လုံးမှာမှ ကုမ္ပဏီမှတ်ပုံတင်တာ ၉၀၀ လောက်ပဲရှိတယ်။ အခု တစ်လတင်တာ ၁၀၀၀ ကျော်တယ်။ အဲဒီတော့ ကုမ္ပဏီမှတ်ပုံတင်တာ ပိုမြန်တယ်။ ပိုလွယ်တယ်ဆိုတော့ ကုမ္ပဏီတွေ ဝင်လာတာ တော်တော်လေး အားရဖို့ ကောင်းပါတယ်” ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။
လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာမှ ဧပြီလကုန်အထိ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၂၅၀၀ ရှိကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်း Myanmar Investment Promotion Plan အရ ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် အမေရိကန်ဒေါ်လာ ဘီလျံ ၂၀၀ ဝင်ရောက်လာစေရန် ရည်မှန်းချက်ထား လုပ်ဆောင်နေကြောင်း ဦးအောင်နိုင်ဦးက ပြောကြားသည်။
“ဒီ ၂၀၁၉ မှာ ကျွန်တော်တို့က စင်ကာပူက ရင်းနှီးမြှုပ်နှံမှုပေါ့။ အရင်တုန်းကတော့ ကျွန်တော်တို့က ၂၀၁၈ ဒီဇင်ဘာလ အထိပေါ့။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ အဓိကရင်းနှီး မြှုပ်နှံတဲ့နိုင်ငံက နံပါတ် (၁) အများဆုံးက တရုတ်နိုင်ငံပေါ့။ ဒါပေမဲ့ ၂၀၁၉ နှစ်ဆန်းပိုင်း မှာ စင်ကာပူက ရင်းနှီးမြှုပ်နှံမှု ပိုပြီးဝင်လာတယ်ပေါ့။ သူတို့နှစ်ယောက်က မတိမ်းမယိမ်းလေး ဖြစ်နေတာပေါ့။ စင်ကာပူကတော့ နည်းနည်း နည်းတယ်ပေါ့။ သို့သော် ၂၀၁၉ ကျတော့ စင်ကာပူက တော်တော်လေးဝင်လာတယ်။ ဝင်လာတော့ အခု စင်ကာပူက မြန်မာနိုင်ငံမှာ အဆင့်တစ်၊ Position 1 မှာ ရောက်သွားတယ်။ တရုတ်က နံပါတ် (၂) နေရာမှာ ဖြစ်သွားတယ်” ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။