စပိန်ဝါရင့်ဂိုးသမား ကာဆီးလက်စ် ဘောလုံးဆက်ကစားရန် မသေချာ

စပိန်ဝါရင့်ဂိုးသမား ကာဆီးလက်စ် ဘောလုံးဆက်ကစားရန် မသေချာ
Photos : AFP
Photos : AFP
Published 7 May 2019

Heart Attack ကြောင့် ကုသမှုများခံယူ ခဲ့ရသည့် ပေါ်တိုအသင်းမှ စပိန်ဝါရင့်ဂိုးသမား ကာဆီးလက်စ်သည် မေလ ၆ ရက်က ဆေးရုံမှ ပြန်ဆင်းလာခဲ့ပြီး သူ၏ဘောလုံးအနာဂတ်မှာ မသေချာသေးကြောင်းသာ ဖြေကြားခဲ့သည်။

''အခု ကျွန်တော် ပြန်ကောင်းလာပြီလို့ ခံစားရပါတယ်။ ရက်သတ္တပတ်အနည်းငယ်၊ ဒါမှမဟုတ် လနဲ့ချီပြီးတောင်အနားယူရပါ လိမ့်မယ်။ အမှန်တရားကိုတော့ ကျွန်တော် စိုးရိမ့်ကြောင့်ကြမှု မဖြစ်မိပါဘူး။ အရေးကြီးဆုံးအရာက ကျွန်တော် ဒီမှာ ရှိနေပါတယ်။ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော် မသိပါဘူး''ဟု ကာဆီးလက်စ်က ပြောကြားခဲ့သည်။

ထို့ပြင် ကာဆီးလက်စ်က သူ့အနေဖြင့် ကံအလွန်ကောင်းခဲ့ကြောင်းနှင့် ကူညီခဲ့သူအားလုံးကို ကျေးဇူးတင်ကြောင်းလည်း ဖွင့်ဟခဲ့သည်။

ပေါ်တူဂီမီဒီယာများကမူ (၃၇)နှစ်အရွယ်ရှိ ပေါ်တိုဂိုးသမားမှာ ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ယခုရာသီအတွင်း ဘောလုံးပြန်ကစားနိုင်တော့မည်မဟုတ်ဟု ဖော်ပြခဲ့သည်။

ကာဆီးလက်စ်သည် စပိန် လက်ရွေးစင်အသင်းအတွက် ၁၆၇ ပွဲကစားထားပြီး ကမ္ဘာ့ဖလားချန်ပီယံ တစ်ကြိမ်နှင့်ယူရိုချန်ပီယံ နှစ်ကြိမ် ဆွတ်ခူးထားခဲ့ကြောင်း သိရသည်။

အသင်းဟောင်း ရီးယဲလ်မက်ဒရစ်အတွက်လည်း ပြိုင်ပွဲစုံ ၇၀၀ ပွဲကျော် ကစားပေးခဲ့သည်။

Most Read

Most Recent