ကိုလံဘီယာနှင့်ပွဲတွင် ဗင်နီစီယပ်စ်ကို အဝါကတ်ပြသခဲ့သည့် ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်မှာ ထူးဆန်းသည်ဟု ဘရာဇီးလ်နည်းပြ ဒိုရီဗယ်လ် ဝေဖန်

ကိုလံဘီယာနှင့်ပွဲတွင် ဗင်နီစီယပ်စ်ကို အဝါကတ်ပြသခဲ့သည့် ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်မှာ ထူးဆန်းသည်ဟု ဘရာဇီးလ်နည်းပြ ဒိုရီဗယ်လ် ဝေဖန်
Photo: Getty Images
Photo: Getty Images
Published 4 July 2024

ဘရာဇီးလ်အသင်းနည်းပြ ဒိုရီဗယ်လ်ဂျူနီယာက ကိုလံဘီယာနှင့်ပွဲတွင် အသင်းတိုက်စစ်ကစားသမား ဗင်နီစီယပ်စ်အား အဝါကတ်ပြသခဲ့သည့် ကွင်းလယ်ဒိုင်၏ဆုံးဖြတ်ချက်မှာ ထူးဆန်းကြောင်း ဝေဖန်ပြောကြားခဲ့သည်။

ဗင်နီစီယပ်စ်သည် အဆိုပါပွဲစဉ်တွင် အဝါကတ်ထိခဲ့သောကြောင့် ဥရုဂွေးအသင်းနှင့်ကစားမည့် ကိုပါအမေရိကဖလား ကွာတားဖိုင်နယ်ပွဲစဉ်ကို လွဲချော်မည်ဖြစ်သည်။

ဇူလိုင် (၂) ရက်က ကစားခဲ့သည့် ကိုပါအမေရိကအုပ်စု (D) နောက်ဆုံးပွဲစဉ် ဘရာဇီးလ် (၁-၁) ကိုလံဘီယာပွဲတွင် ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်သည် ပွဲချိန် (၇) မိနစ်တွင် ကိုလံဘီယာဝါရင့်ကွင်းလယ်တိုက်စစ်ကစားသမား ဟာမီးစ်ရိုဒရီဂွက်ဇ်ကို ပြစ်ဒဏ်ကျူးလွန်းခဲ့ခြင်းဖြစ်သည်။

ဗင်နီစီယပ်စ်သည် ၎င်း၏လုပ်ရပ်အတွက် တောင်းပန်ခဲ့သော်လည်း ကွင်းလယ်ဒိုင် ဗာလန်ဇူလာက ၎င်းကို အဝါကတ်ပြသခဲ့ခြင်းဖြစ်သည်။

ဗင်နီစီယပ်စ်အနေဖြင့် အုပ်စုပွဲစဉ် (၂) ဖြစ်သည့် ပါရာဂွေးအသင်းကို (၄-၁)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင်လည်း အဝါကတ်ထိခဲ့သောကြောင့် (၂) ပွဲဆက် အဝါကတ်ထိခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲစည်းမျဉ်းအရ (၁)ပွဲပယ်ပြစ်ဒဏ် ကျခံရမည်ဖြစ်သည်။

ဘရာဇီးလ်အသင်းသည် ကိုလံဘီယာအသင်းကို အနိုင်မရခဲ့သောကြောင့် အုပ်စု (D)တွင် ရမှတ် (၅)မှတ်ဖြင့် ကိုလံဘီယာ(၇ မှတ်)နောက် ဒုတိယသာရရှိခဲ့ပြီး အုပ်စု (C)မှ ပထမရခဲ့သည့် ဥရုဂွေးအသင်းနှင့် ကွာတားဖိုင်နယ်တွင် တွေ့ဆုံနေသည်။

ဗင်နီစီယပ်စ်အနေဖြင့် အဆိုပါပွဲစဉ်ကို ပွဲပယ်ပြစ်ဒဏ်ကြောင့် ကစားခွင့်ရတော့မည်မဟုတ်ပေ။

ဗင်နီစီယပ်စ်၏အဝါကတ်နှင့်ပတ်သက်ပြီး ဘရာဇီးလ်နည်းပြ ဒိုရီဗယ်လ်က ''ပွဲတွေမှာ မတော်တဆမှုတွေ ဖြစ်ပျက်နေကျပါ။ ဗင်နီစီယပ်စ်ဟာ ပထမဆုံးစိန်ခေါ်မှုမှာပဲ အဝါကတ်အပြခံလိုက်ရတယ်။  မတော်တဆဖြစ်သွားတယ်လို့ပဲ ကျွန်တော် မြင်ပါတယ်။ ကွင်းလယ်ဒိုင်ရဲဲ့ဆုံးဖြတ်ချက်က အရမ်းကို ထူးဆန်းပါတယ်။ ကျွန်တော်တို့ဟာ နေမာကို ဆုံးရှုံးထားရသလို၊ အခုလည်း ဗင်နီစီယပ်စ်မပါဘဲ ကစားရတော့မှာပါ''ဟု ပြောကြားခဲ့သည်။

သို့သော် ဒိုရီဗယ်လ်က ဗင်နီစီယပ်စ်မပါသော်လည်း ဥရုဂွေးကို အနိုင်ယူနိုင်စွမ်းရှိကြောင်းလည်း ပြောကြားခဲ့သည်။ 

Most Read

Most Recent