ဖီဖာ၏ ၂၀၁၉ ခုနှစ်အတွက် The Best ဆုပေးပွဲကို မီလန်မြို့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး အမျိုးသမီးဆု(၂)မျိုး ထပ်တိုးချီးမြှင့်သွားမည်

ဖီဖာ၏ ၂၀၁၉ ခုနှစ်အတွက် The Best ဆုပေးပွဲကို မီလန်မြို့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး အမျိုးသမီးဆု(၂)မျိုး ထပ်တိုးချီးမြှင့်သွားမည်
Photos : AFP
Photos : AFP
Published 7 May 2019

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် ၂၀၁၉ ခုနှစ်အတွက် The Best ဆုပေးပွဲကို အီတလီနိုင်ငံ၊ မီလန်မြို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဖီဖာသည် ကမ္ဘာ့အကောင်းဆုံး The Best ဆုကို ၂၀၁၆ ခုနှစ်တွင် စတင်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ပထမဆုံးဆုပေးပွဲကို ဖီဖာရုံးစိုက် ရာ ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်ခဲ့သော်လည်း ၂၀၁၇ နှင့် ၂၀၁၈အတွက် ဆုပေးပွဲများကို အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင် ပြုလုပ် ခဲ့သည်။

ယခုအခါ ၂၀၁၉ ခုနှစ်အတွက် ဆုပေးပွဲကို အီတလီနိုင်ငံ၊ မီလန်မြို့တွင်ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ(၂၃)ရက်နေ့၌ ပြုလုပ်သွားရန် သတ်မှတ်ထားကြောင်းလည်း သိရှိရသည်။

၂၀၁၉ ခုနှစ်အတွက် The Best ဆုပေးပွဲကို နေရာပြောင်းလဲပြုလုပ်ရန် စီစဉ်ထားသလို၊ အမျိုး သမီးဆု(၂)မျိုး ထပ်တိုးချီးမြှင့်သွားရန်လည်း စီစဉ်ထားကြောင်း သိရှိရသည်။

ယင်းဆုများမှာ အကောင်းဆုံး အမျိုးသမီးဂိုးသမားဆုနှင့်  အကောင်းဆုံး အမျိုးသမီးအသင်း FIFA FIFPro Women's World XI ဆုတို့ဖြစ် ကြောင်း သိရှိရသည်။

ထို့ကြောင့် ၂၀၁၉ ခုနှစ် The Best ဆုပေးပွဲတွင် ချီးမြှင့်မည့် ဆုအမျိုး အစားမှာ (၁၁)မျိုးအထိ ရှိလာမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ယခုကဲ့သို့ ဆုအမျိုးအစားများ တိုးမြင့်ပေးအပ်ရန်စီစဉ်ခြင်းမှာ အမျိုးသမီးဘောလုံးကို မြှင့်တင်ပေးရန်နှင့် အမျိုးသမီးအခွင့်အရေး တောင်းဆိုမှုများအတွက် ထောက်ခံကြောင်းပြသလိုခြင်းကြောင့် ဖြစ်ကြောင်းလည်း သိရှိရသည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် ၂၀၁၉ ခုနှစ် The Best ဆုပေးပွဲတွင် ဆယ်စုနှစ်အတွင်း အကောင်းဆုံးသွင်းဂိုးဆုကို ရွေးချယ်ချီးမြှင့်ပေးသွားရန် စီစဉ်နေကြောင်းလည်း သိရှိရသည်။

အကောင်းဆုံးသွင်းဂိုးဆု Puskas Award ကို ၂၀၀၉ ခုနှစ်တွင် စတင်ချီးမြှင့်ခဲ့ခြင်းဖြစ်၍ စုစုပေါင်း(၁၀)ကြိမ် ချီးမြှင့်ပေးခဲ့ပြီးပြီဖြစ်သည်။

ယင်းအကောင်းဆုံးသွင်းဂိုး(၁၀)ဂိုးထဲမှ အကောင်းဆုံးဂိုးကို ရွေးချယ်ကာ ဆယ်စုနှစ်၏ အကောင်းဆုံးသွင်းဂိုးအဖြစ် ဆုချီးမြှင့်သွားရန် စီစဉ်နေခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

ဖီဖာ သည် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ခုနှစ် The Best ဆုပေးပွဲများအတွက် ရုပ်သံထုတ်လွှင့်ခွင့်ကို နိုင်ငံအလိုက်ရောင်းချသွားရန်လည်း စီစဉ်ထားပြီး မေလ (၂၁)ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းရန် အသိပေးထားကြောင်းလည်း သိရှိရသည်။

Most Read

Most Recent