နွေရာသီတွင် ပေါ့ဘာကိုခေါ်ယူမည်ဟုမပြောဖူးကြောင်း ရီးယဲလ်အသင်းနည်းပြ ဇီဒန်း တုံ့ပြန်

နွေရာသီတွင် ပေါ့ဘာကိုခေါ်ယူမည်ဟုမပြောဖူးကြောင်း ရီးယဲလ်အသင်းနည်းပြ ဇီဒန်း တုံ့ပြန်
Photos : AFP
Photos : AFP
Published 6 May 2019

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက မိမိအနေဖြင့် လာမည့်နွေရာသီတွင် မန်ယူအသင်းကွင်းလယ်လူ ပေါ့ဘာကိုခေါ်ယူမည်ဟု ပြောကြားဖူးခြင်းမရှိကြောင်း သတင်းထောက်များအား တုံ့ပြန်ပြောကြားသည်။

ပေါ့ဘာသည် မတ်လအတွင်း နိုင်ငံတကာပွဲ သွားရောက်ကစားစဉ် ရီးယဲလ်အသင်း၌ ကစားခွင့်ရရေးမှာ ကစားသမားအားလုံး၏ အိပ်မက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ဇီဒန်းကလည်း ပေါ့ဘာကို နှစ်သက်ကြောင်း၊ မန်ယူအသင်းနှင့် ၎င်းလမ်းခွဲဖြစ်ပါက မက်ဒရစ်သို့ရောက်ရှိလာနိုင်ကြောင်း သုံးသပ်ပြောကြားရာမှ အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။

ထို့ပြင် ပေါ့ဘာသည် မန်ယူအသင်း၌ မပျော်ရွှင်တော့ဘဲ လာမည့်နွေရာသီတွင် လမ်းခွဲ၍ ရီးယဲလ်အသင်းသို့ အခွန်ဆောင်ပြီး တစ်နှစ်လစာ ယူရို ၁၂ သန်းဖြင့် ပြောင်းရွှေ့ ရန် ပုဂ္ဂိုလ်ရေးအရ သဘောတူထားပြီဖြစ်ကြောင်း မီဒီယာများက ခန့်မှန်းဖော်ပြလျက်ရှိရာ ဇီဒန်းက ငြင်းဆန်ပယ်ချခဲ့ခြင်းဖြစ်သည်။

မေ ၄ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းနှင့်ပတ်သက်၍ ဇီဒန်းက ''ပေါ့ဘာက ကစားသမားကောင်းတစ်ယောက်လို့ ကျွန်တော်ပြောခဲ့တယ်။ တခြားသူတွေကိုလည်း အဲဒီလိုပြောလို့ရတာပါပဲ။ ကျွန်တော်က သူ့ကိုသိတယ်ဆိုတာထက် ဘာမှမပိုပါဘူး။ ပေါ့ဘာအကြောင်း ကျွန်တော့်ကိုမေးလာရင် သူက အရမ်းတော်တဲ့ကစားသမားလို့ပဲ ပြန်ဖြေမှာပါ။ ဒါပေမဲ့ သူက မန်ချက်စတာယူနိုက်တက်အတွက် ကစားနေတဲ့သူပါ။ အသင်းကို ဘယ်သူတွေရောက်လာမယ်၊ ဘယ်သူတွေ ထွက်သွားမလဲဆိုတာ နွေရာသီကျရင်တွေ့ရမှာပါ။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ 'ပေါ့ဘာကို ခေါ်တော့မယ်'ဆိုပြီး ဘယ်တော့မှမပြောခဲ့ဖူးပါဘူး။ အပြီးသတ်သဘောတူညီမှုမရသေးတဲ့ ဘယ်ကိစ္စကိုမှ ကျွန်တော်ထုတ်ပြောနေမှာ မဟုတ်ပါဘူး''ဟု ပြောကြားသည်။

ထို့ပြင် ဇီဒန်းသည် ဗီလာရီးယဲလ်အသင်းနှင့်ပွဲ၌ ဘေးလ်ကို နည်းစနစ်ပိုင်းအကြောင်းပြချက်ဖြင့် ချန်လှပ်ထားရာ ၎င်းအနေဖြင့် နွေရာသီတွင် ထွက်ခွာရရန် ပိုမိုနီးစပ်လာသည်။

Most Read

Most Recent