အာဂျင်တီးနားအတွက် မကစားခြင်းကြောင့် နောက်ဆုံး (၁၀)ရာသီအတွင်း ယခုရာသီတွင် မက်ဆီ နားချိန်ပိုရ

အာဂျင်တီးနားအတွက် မကစားခြင်းကြောင့် နောက်ဆုံး (၁၀)ရာသီအတွင်း ယခုရာသီတွင် မက်ဆီ နားချိန်ပိုရ
Photo: AFP,CBS Sports
Photo: AFP,CBS Sports
Published 10 October 2018

 

ဘာစီလိုနာအသင်း၏ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် ယခုရာသီတွင် လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားခြင်းမရှိသဖြင့် နောက်ဆုံး(၁၀)ရာသီအတွင်း နားချိန်ပိုရကာ ပိုမိုလန်းဆန်းနေကြောင်း စပိန်သတင်းစာ Marca က ဖော်ပြခဲ့သည်။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရှုံးထွက် (၁၆)သင်းအဆင့်မှ အာဂျင်တီးနားအသင်း ထွက်ခွာခဲ့ရပြီးနောက် မက်ဆီသည် လက်ရွေးစင်အသင်းအတွက် ပြန်လည်ကစားခြင်းမရှိသေးသလို အနားယူ၊ မယူကိုလည်း အတည်ပြုထုတ်ပြန်ခြင်း မရှိသေးပေ။

အသက် (၃၁)နှစ်ရှိလာပြီဖြစ်သည့် မက်ဆီအနေဖြင့် ယခုကဲ့သို့ နိုင်ငံအသင်းမှ ယာယီသဘောမျိုးအနားယူထားခြင်းမှာ ကောင်းမွန်သည့်လုပ်ရပ်ဖြစ်သည်ဟု မီဒီယာများက ဖော်ပြနေကြသည်။ မက်ဆီသည် ယခုရာသီတွင် ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံပွဲစဉ်(၁၁)ပွဲတွင် (၉၃၅)မိနစ် ပါဝင်ကစားထားပြီး ပြီးခဲ့သည့်ရာသီက ယခုအချိန်တွင် မက်ဆီသည် (၁၃၃၅)မိနစ်အထိ ကစားခဲ့ရကြောင်း သိရှိရသည်။

မက်ဆီသည် နောက်ဆုံး (၁၀)ရာသီအတွင်း ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ (၁၁)ပွဲကစားပြီးချိန်တွင် ပွဲချိန်အများဆုံးကစားခဲ့သည့် ဘောလုံးရာသီမှာ ၂၀၁၄-၁၅ ရာသီဖြစ် ပြီး (၁၅၈၂) မိနစ်အထိ ကစားခဲ့ရကြောင်း သိရသည်။

မက်ဆီသည် ပြီးခဲ့သည့် (၁၀)ရာသီအတွင်း ပွဲချိန်မိနစ် (၁၀၀၀)အောက် ကစားခဲ့သည့်ရာသီမှာ (၄)ရာသီသာရှိပြီး ယခုရာသီမှလွဲကာ ကျန်(၃)ရာသီမှာ ဒဏ်ရာရနေခြင်း (သို့ မဟုတ်) ဘာစီလိုနာအသင်းအနေဖြင့် ခြေစမ်းပွဲများ များပြားခြင်းကြောင့်သာ ပွဲကစားချိန်လျော့နည်းခဲ့ရခြင်းဖြစ်သည်။

၂၀၁၅-၁၆ ရာသီတွင် မက်ဆီသည် ဒူးဒဏ်ရာကြောင့် ဘာစီလိုနာအသင်း၏ ပွဲစဉ် (၉)ပွဲကို လွဲချော်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၃-၁၄ ရာသီတွင် ကြွက်သားဒဏ်ရာကြောင့် ပွဲစဉ်အချို့ကိုလွဲချော်ခဲ့သလို၊ ၂၀၁၀-၁၁ ရာသီတွင်လည်း အက်သလက်တီကိုမက်ဒရစ်အသင်းနောက်ခံလူတစ်ဦး၏ ကြမ်းတမ်းသည့် ဖျက်ထုတ်မှုကြောင့် ပွဲစဉ်အချို့ကို လွဲချော်ခဲ့ရကြောင်း သိရသည်။ မက်ဆီသည် ယခုရာသီတွင် ဒဏ်ရာအနာတရကင်းကင်းဖြင့် ကစားနေခြင်းဖြစ်ပြီး ယခုကဲ့သို့ နားချိန်ပိုရသည့်အတွက် ခြေစွမ်းပိုကောင်းလာနိုင်မည်ဟု Marca က ဖော်ပြခဲ့သည်။

 

Most Read

Most Recent