မန်စီးတီးအသင်း၏ဘရာဇီးလ်လက်ရွေးစင်ဂိုးသမား အီဒါဆန်က လက်ရွေးစင်အသင်းတွင် လီဗာပူးလ်အသင်း၏ဂိုးသမား အယ်လစ်ဆန်မှာ မိမိထက် ခြေတစ်လှမ်းသာသူဖြစ်ပြီး ပထမဦးစားပေးဂိုးသမားဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။
အသက်(၂၆)နှစ်ရှိ အယ်လစ်ဆန်သည် ယခုရာသီတွင် ရိုးမားအသင်းမှ ပြောင်းရွှေ့ကြေး ပေါင် (၆၇)သန်းဖြင့် လီဗာပူးလ်အသင်းသို့ ရောက်ရှိလာခဲ့သူဖြစ်ပြီး လက်ရွေးစင်အသင်းတွင်လည်း မန်စီးတီးဂိုးသမား အီဒါဆန်ကိုကျော်ကာ ပုံမှန်ပွဲထွက််ခွင့်ရနေသူဖြစ်သည်
အီဒါဆန်သည် ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘရာဇီးလ်အသင်းနှင့်အတူ ပါဝင်ခဲ့သော်လည်း တစ်ပွဲမျှပွဲထွက်ခွင့်မရခဲ့ဘဲ ၂၀၁ရခုနှစ်၊ အောက်တိုဘာလက ပထမဆုံးပွဲထွက်ခွင့်ရခဲ့သည့် ချီလီအသင်းနှင့်ပွဲစဉ်တစ်ပွဲသာ ပါဝင်ခွင့်ရထားသည်။
လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန်မှာမူ လက်ရှိအချိန်ထိ ဘရာဇီးလ်အသင်းအတွက် (၃၂)ပွဲပါဝင်ကစားပေးထားပြီး လာမည့်ဆော်ဒီအာရေဗျ၊ အာဂျင်တီးနားတို့နှင့်ကစားမည့်ပွဲစဉ်များအတွက်လည်း အီဒါဆန်နှင့်အတူ ရွေးချယ်ခံထားရသည်။
အီဒါဆန်က မိမိအနေဖြင့် ဒုတိယဦးစားပေးကစားသမားအဖြစ်သာ သတ်မှတ်ခံထားရသော်လည်း အယ်လစ်ဆန်အား လေးစားမှုအပြည့်ရှိကြောင်းနှင့် ကွင်းအတွင်း ပွဲထွက်ခွင့်အတွက် ယခုထက်ပိုကြိုးစားသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
အီဒါဆန်က '' ကျွန်တော်တို့ နှစ်ယောက်ကြားမှာ တူညီတဲ့အရာတွေ အများကြီးရှိတယ်လို့ထင်ပါတယ်။ သူက လီဗာပူးလ်အသင်းနဲ့အတူ အကောင်းဆုံးရာသီအစကို ဖြတ်သန်းခဲ့တယ်။ တစ်ဦးတည်းကိုပဲ ရွေးချယ်နိုင်တာကြောင့် ဂိုးသမားနေရာဟာ ပွဲထွက်ခွင့်အတွက်ပိုမိုခက်ခဲပါတယ်။ ကျွန်တော်တို့ နှစ်ယောက်စလုံး အင်္ဂလန်မှာ ကစားနေကြတယ်။ဒီမှာတော့ သူက ကျွန်တော့်ထက် ခြေတစ်လှမ်းပိုသာနေတဲ့သူပါ။ ကမ္ဘာ့ဖလားမှာ သူပါဝင်ကစားခဲ့ရတယ်။ ဘရာဇီးလ်က ဂိုးသမားကောင်းတွေ အများကြီးရှိတယ်။ ဒါကြောင့် အသင်းမှာ ပါဝင်ခွင့်ရတဲ့အခါတိုင်း ကျွန်တော်အနေနဲ့ ပွဲထွက်ခွင့်ရဖို့ ပိုမိုကြိုးစားသွားမှာပါ '' ဟု ပြောကြားခဲ့သည်။
ဘရာဇီးလ်အသင်းနည်းပြ ထိထီသည် လာမည့် အောက်တိုဘာ(၁၂)ရက်တွင်ကစားမည့် ဆော်ဒီအာရေဗျအသင်းနှင့်ခြေစမ်းပွဲစဉ်တွင် အီဒါဆန်အား ပွဲထွက်အဖြစ်အသုံးပြုရန်စီစဉ်နေကြောင်း သိရသည်။