အင်ဒိုနီးရှားအသင်းနှင့်ခြေစမ်းပွဲမှာ ခက်ခဲမည်ဟု မြန်မာအသင်းနည်းပြချုပ် အန်တွမ်နီဟေး သုံးသပ်

အင်ဒိုနီးရှားအသင်းနှင့်ခြေစမ်းပွဲမှာ ခက်ခဲမည်ဟု မြန်မာအသင်းနည်းပြချုပ် အန်တွမ်နီဟေး သုံးသပ်
Published 9 October 2018

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ဂျာမနီနိုင်ငံသား အန်တွမ်နီဟေးက အောက် တိုဘာ ၁၀ ရက်တွင် အင်ဒိုနီးရှားလက်ရွေးစင် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ခြေစမ်းပွဲမှာ ခက်ခဲနိုင်ကြောင်း သုံးသပ်ပြောကြားသည်။

”အင်ဒိုနီးရှားအသင်းနဲ့ပွဲက အဝေးကွင်း ပွဲဖြစ်တာကြောင့် ကျွန်တော်တို့အတွက် ခက် ခဲမှာပါ။ အင်ဒိုနီးရှားအသင်းအကြောင်းကိုလည်း သေသေချာချာမသိသေးပါဘူး။ လက် ရှိအချိန်မှာတော့ ပွဲထွက်ကစားသမား ၁၁ ယောက်နဲ့ အရန်ကစားသမားတွေကြားမှာ ခြေစွမ်းပိုင်းကွာဟမှု ကျဉ်းမြောင်းဖို့အတွက် လုပ်ဆောင်နေပါတယ်။ ဒီလအတွင်းမှာ ကစားရမယ့်ခြေစမ်းပွဲတွေအတွက် MFF ကို ကျေးဇူးတင်ပါတယ်။ အာဆီယံ ဆူဇူကီး ဖလားပြိုင်ပွဲအတွက် ပြင်ဆင်နေတာဖြစ်လို့ ဒီကာလကို ပျော်ရွှင်မှုတွေနဲ့အတူ ဖြတ်သန်း သွားချင်ပါတယ်”ဟု အန်တွမ်နီဟေးက ပြော ကြားသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် အင်ဒိုနီးရှားလက်ရွေးစင်အသင်းနှင့် ခြေစမ်း ကစားရန်အတွက် အောက်တိုဘာ ၈ ရက်တွင် ရန်ကုန်မြို့မှ ထွက်ခွာသွားပြီး နည်းပြချုပ် အန်တွမ်နီဟေးအနေဖြင့် ကစားသမား ၂၀ သာ ခေါ်ဆောင်သွားကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် အင်ဒိုနီးရှား လက်ရွေးစင်အသင်းသည် အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားခရိုင် Cikarang ရှိ Wibawa Mukti ကွင်း၌ အောက်တိုဘာ ၁၀ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် ခြေစမ်း ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ယင်း ခြေစမ်းပွဲအပြီး အောက်တိုဘာ ၁၁ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာလာမည်ဖြစ် ပြီး အောက်တိုဘာ ၁၃ ရက်၌ ဘိုလစ်ဗီးယား လက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားမည် ဖြစ်သည်။

ထို့ကြောင့် မြန်မာ့လက်ရွေးစင် အသင်းသည် ဘိုလစ်ဗီးယားလက်ရွေးစင် အသင်းနှင့်ကစားမည့် ခြေစမ်းပွဲအတွက် လေ့ကျင့်ပြင်ဆင်ချိန် တစ်ရက်သာရရှိမည် ဖြစ်သည်။

ဘိုလစ်ဗီးယားအသင်းသည် ယင်း ခြေစမ်းပွဲအတွက် အောက်တိုဘာ ၁၀ ရက် တွင် ရောက်ရှိလာမည်ဖြစ်သည်။

■ အင်ဒိုနီးရှားနှင့်ခြေစမ်းပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း လူစာရင်း

အုပ်ချုပ်သူ – ဦးဘုန်းနိုင်ဇော်၊ နည်းပြချုပ် – အန်တွမ်နီဟေး၊ လက်ထောက်နည်းပြ – ကာလက်၊ ဦးစိုးမြတ် မင်း၊ ဂိုးနည်းပြ – ကာစတန်၊ အတွင်းရေးမှူး – ဦးမိုးဝေအောင်၊

ဂိုး – ကျော်ဇင်ထက်၊ ဆန်းဆက်နိုင်၊

နောက်တန်း – ဒေးဗစ်ဒန်း၊ ထိုက်ထိုက်အောင်၊ နန္ဒကျော်၊ ဝင်းမိုးကျော်၊ စိုးမိုးကျော်၊ သိန်းသန်းဝင်း၊

အလယ်တန်း – လှိုင်းဘိုဘို၊ စည်သူအောင်၊ ရဲကိုဦး၊ မျိုးကိုထွန်း၊ မြတ်ကောင်းခန့်၊ သန်းထက်အောင်၊ လွင်မိုးအောင်၊ မောင်မောင်စိုး၊ မောင်မောင်လွင်၊ ရန်နိုင်ဦး၊

ရှေ့တန်း – ကောင်းဆက်နိုင်၊ ထက်ဖြိုးဝေ

Most Read

Most Recent