အောက်တိုဘာ ၇ ရက်တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့မြောက်ဘက်ပိုင်း၌ ဇိမ်ခံမှန်လုံကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် လူ ၂၀ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယင်းဖြစ်ရပ်သည် ဆယ်စုနှစ်တစ်ခုအတွင်း အမေရိကန်၌ လူသေဆုံးမှု အများဆုံး ယာဉ်မတော်တဆမှုဖြစ်ကြောင်း စုံစမ်း စစ်ဆေးသူများက ကောက်ချက်ချခဲ့ကြသည်။
SUV ပုံစံ ဇိမ်ခံကားရှည်ပေါ်တွင် လူ ၁၈ ဦး လိုက်ပါစီးနင်းလာပြီး အဆိုပါ လိုက်ပါစီးနင်းသူအားလုံးနှင့် လမ်းသွားလမ်းလာ နှစ်ဦးတို့မှာ အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ကြကြောင်း လက်ထောက်ရဲမှူး ခရစ်တိုဖာဖီအိုရီက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 2001 Ford Excursion ဇိမ်ခံမှန်လုံကားသည် လမ်းဆုံတွင်ရပ်တန့်ရန် ကြိုးစားခဲ့သော်လည်း အရှိန်ထိန်းနိုင်ခြင်း မရှိသောကြောင့် ကားရပ်နားရာနေရာသို့ ဆက်လက် မောင်းနှင်သွားခဲ့ရာမှ ရပ်ထားသော ကားတစ်စီးအား တိုက်မိခဲ့ကြောင်း၊ ယာဉ်ပေါ်တွင် လိုက်ပါသူများ ခါးပတ်ပတ်ထားခြင်း ရှိ၊ မရှိကိုမူ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ခရစ်တိုဖာက ထပ်လောင်းပြောကြားခဲ့သည်။
“လူအယောက် ၂၀ သေဆုံးခဲ့တယ်ဆိုတာ တုန်လှုပ်ဖို့ကောင်းပါတယ်။ ဒီယာဉ်မတော်တဆမှုက ၂၀၀၉ ခုနှစ် ဖေဖော်ရီလတုန်းက ဖြစ်ခဲ့တဲ့ မတော်တဆမှုပြီးရင် လူသေဆုံးမှု အများဆုံးဖြစ်ရပ်ပါပဲ” ဟု အမျိုးသားယာဉ်အန္တရာယ် ကင်းရှင်းရေးအဖွဲ့ (NTSB) ၏ ဥက္ကဋ္ဌ ရောဘတ်ဆမ်ဝက်က ဆိုသည်။
ယာဉ်တိမ်းမှောက်မှုသည် Schoharie မြို့ရှိ Apple Barrel Country စတိုးနှင့် ကော်ဖီဆိုင် အပြင်ဘက်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မျက်မြင်သက်သေတစ်ဦးဖြစ်သူ ဘီဝါတာဆင်၏ ပြောကြားချက်အရ အဆိုပါယာဉ်သည် မင်္ဂလာပွဲတစ်ခုသို့ သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီဇိမ်ခံမှန်လုံယာဉ်က တောင်ကုန်းကနေ ဆင်းလာတာ တစ်နာရီမိုင် ၆၀ နှုန်းလောက်နဲ့ဖြစ်မယ်ထင်တယ်။ ဒီအကြောင်းကို ဆက်မပြောချင်တော့ဘူး” ဟု Apple Barrel ဆိုင်မန်နေဂျာဖြစ်သူ ဂျက်စီကာခါဘီက ဆိုသည်။
Columbus Day အစိုးရရုံးပိတ်ရက်သည် နှစ်တစ်နှစ်အတွင်း Apple Barrel ဆိုင်၏ အလုပ်အများဆုံးနေ့များဖြစ်ကာ အဆိုပါနေ့၌ ဆိုင်ထဲတွင် နယူးယောက်၊ နယူးဂျာစီနှင့် အယ်လ်ဘာနီများမှ ဧည့်သည်များနှင့် ပြည့်နေခဲ့ကြောင်း ခါဘီက ပြောကြားခဲ့သည်။
ယာဉ်တိမ်းမှောက်မှုအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာ၌ ခေါင်းဖြီးဘီးတစ်ချောင်းနှင့် ကားနောက်မီးသီးအပိုင်းအစများ လမ်းဘေးမြက်ခင်းပေါ်တွင် ပြန့်ကျဲနေပုံကို New York Times မှ အကြီးအကဲဖြစ်သူ ဂျက်စီမက်စ်ကင်လေက Twitter ပေါ်တွင် တင်ခဲ့သည်။
ယာဉ်မတော်တဆမှု ဖြစ်ရပ်များသည် နယူးယောက်မြို့၌ စတုတ္ထမြောက် လူသေဆုံးမှု အများဆုံး ဖြစ်ရပ်ဖြစ်ကြောင်းကို ဖက်ဒရယ်ကျန်းမာရေးဌာနက ထုတ်ပြန်ခဲ့သည်။ နယူးယောက် အဝေးပြေးလမ်းမများပေါ်တွင် ဖြစ်ပွားသော ယာဉ်တိုက်မှုများကြောင့် ဆေးရုံများနှင့် အရေးပေါ်ဌာနများ၏ ကုသပေးရမှုများသည် ကုန်ကျမှု ဒေါ်လာ ၈၀၈ ဒသမ ၁ သန်းထိရှိကြောင်း အမေရိကန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။















