နမ္မတူမြို့နယ်၌ တိုက်ပွဲများကြောင့် တိမ်းရှောင်နေသူ ၆၀၀ ကျော် မူလနေရပ် အသီးသီးတွင် ပြန်လည်နေထိုင်

နမ္မတူမြို့နယ်၌ တိုက်ပွဲများကြောင့် တိမ်းရှောင်နေသူ ၆၀၀ ကျော် မူလနေရပ် အသီးသီးတွင် ပြန်လည်နေထိုင်
Published 1 June 2018

ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ်၌ မေလ လဆန်းပိုင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ပြည်သူ ၆၀၀ ကျော် ၎င်းတို့၏ နေရပ်အသီးသီးတွင် မေ ၂၅ ရက်က ပြန်လည် နေထိုင်ပြီဖြစ်ကြောင်း တိုက်ပွဲဖြစ်ပွားရာ ဒေသအနီးရှိ မိုင်းရင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းက မေ ၃၁ ရက်တွင် ပြောကြားသည်။

နမ္မတူမြို့နယ် မန်းရင်ဒေသရှိ မန်ဆာအွမ်ကျေးရွာနှင့် ယင်းကျေးရွာအနီးရှိ ပတ်ဝန်းကျင် ကျေးရွာများ၌ မေ ၄ ရက်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် တအန်း လက်နက်ကိုင်အဖွဲ့ (TNLA) တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အပြင် မေ ၁၀ ရက်နှင့် မေ ၁၆ ရက်တွင် တပ်မတော်နှင့် TNLA တို့ ကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အဆိုပါ ပဋိပက္ခများကြောင့် အရပ်သားအချို့ ဒဏ်ရာရရှိခဲ့ကာ လူနေအိမ်များလည်း ပျက်စီးခဲ့ကြောင်း ဦးထွန်းလင်းက ပြောကြားသည်။

မေ ၄ ရက် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုကြောင့် အရပ်သား အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ရာ အမျိုးသား၏ ဒဏ်ရာမှာ ပြင်းထန်သဖြင့် လားရှိုးဆေးရုံတွင် ကုသမှုခံယူခဲ့ရပြီး အမျိုးသမီးမှာ နမ္မတူဆေးရုံတွင် တက်ရောက် ကုသမှုခံယူခဲ့ကာ လက်ရှိတွင် အဆိုပါ အရပ်သားနှစ်ဦးမှာ ဆေးရုံမှ ပြန်ဆင်းလာပြီ ဖြစ်သော်လည်း ဒဏ်ရာပြင်းထန်ခဲ့သည့် အမျိုးသားမှာ အလုပ် မလုပ်နိုင်သေးကြောင်း ဦးထွန်းလင်းက ပြောကြားသည်။

တိုက်ပွဲဖြစ်ပွားရာ ဒေသအနီးရှိ ကျေးရွာများ ဖြစ်သော လလုံ၊ နားဆန်း၊ နားပိန်း၊ မန်ဆာအွမ် ၊ မန်ဆာလုံ၊ ကုန်းမုံ၊ မန်အိုင်နှင့် နားလင်းတို့မှ ဒေသခံ စစ်ဘေးရှောင်ပြည်သူ ၆၀၀ ကျော်သည် မန်းရင်ကျေးရွာ ဘုန်းကြီးကျောင်း၊ ဝိန်းနန်ကျေးရွာ ဘုန်းကြီးကျောင်းနှင့် ပန်ခမ်းကျေးရွာ ဘုန်းကြီးကျောင်းတို့တွင် လာရောက် တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ စစ်ဘေးရှောင်ပြည်သူများမှာ ၎င်းတို့၏ နေရပ်အသီးသီးတွင် ပြန်လည် နေထိုင်နေပြီ ဖြစ်သည်။

“စစ်ဘေးရှောင်တွေ မရှိတော့ဘူး။ ၂၅ ရက်တုန်းက ပြန်ကုန်ပြီ” ဟု မိုင်းရင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းက ပြောကြားသည်။

စစ်ဘေးရှောင်များ နေရပ်အသီးသီးတွင် ပြန်လည်နေထိုင်ခြင်းနှင့်အတူ အဆိုပါဒေသတွင် ပစ်ခတ်မှုများလည်း မဖြစ်ပွားတော့ကြောင်း ဦးထွန်းလင်းက ပြောကြားသည်။

တိုက်ပွဲဖြစ်ပွားရာ ဒေသသည် တပ်မတော်၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့ အဖွဲ့စုံ နေထိုင်ပြီး ရှုပ်ထွေးသည့် နေရာဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) သည် ရှမ်းလက်နက်ကိုင်အဖွဲ့ (SSPP) နှင့် လည်းကောင်း၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့်လည်းကောင်း တိုက်ပွဲ မဖြစ်ပွားသော်လည်း တပ်မတော်နှင့် စစ်ရေးတင်းမှုများ ဖြစ်ပွားနေကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က မေ ၃၁ ရက်တွင် ပြောကြားသည်။

Most Read

Most Recent