တစ်ကြိမ်မြောက် အောင်ဘာလေအွန်လိုင်း ဂဏန်းငါးလုံးသိန်းဆုထီအား နိုဝင်ဘာ ၂ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ရောင်းရငွေအပေါ်မှ ရာခိုင်နှုန်း ၇၀ အား ဆုမဲအဖြစ် ခွဲဝေချီးမြှင့်မည်

တစ်ကြိမ်မြောက် အောင်ဘာလေအွန်လိုင်း ဂဏန်းငါးလုံးသိန်းဆုထီအား နိုဝင်ဘာ ၂ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ရောင်းရငွေအပေါ်မှ ရာခိုင်နှုန်း ၇၀ အား ဆုမဲအဖြစ် ခွဲဝေချီးမြှင့်မည်
Published 1 November 2024

အောက်တိုဘာ ၁၅ ရက်က စတင်ဖွင့်လှစ်ရောင်းချသည့် တစ်ကြိမ်မြောက် အောင်ဘာလေအွန်လိုင်း ဂဏန်းငါးလုံးသိန်းဆုထီအား နိုဝင်ဘာ ၂ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ရောင်းရငွေအပေါ်မှ ရာခိုင်နှုန်း ၇၀ အား ဆုမဲအဖြစ် ခွဲဝေချီးမြှင့်မည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ တစ်ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေအွန်လိုင်း ဂဏန်းငါးလုံးသိန်းဆုထီဖွင့်ပွဲကို  ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ အောင်ဘာလေအွန်လိုင်းဂဏန်းငါးလုံး သိန်းဆုထီလက်မှတ်များ၏ စုစုပေါင်းရောင်းရငွေအပေါ်မှ ၇၀ ရာခိုင်နှုန်းအား ဆုမဲအဖြစ် ပြန်လည်ခွဲဝေချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ ထီဖွင့်ပွဲအား နိုဝင်ဘာ ၂ ရက် နံနက် ၈ နာရီအချိန်တွင် ကျောက်တံတားမြို့နယ် မဟာဗန္ဓုလမ်းနှင့် ၃၇ လမ်းထောင့်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအောင်ဘာလေအွန်လိုင်း ဂဏန်းငါးလုံးသိန်းဆုထီအား အောက်တိုဘာ ၁၅ ရက်မှစတင်ဖွင့်လှစ်ခဲ့ပြီး တစ်လလျှင် နှစ်ကြိမ် ထီဖွင့်ပွဲပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အောင်ဘာလေအွန်လိုင်းထီ၏ ပုံစံသစ် ငါးလုံးထီတွင် Jackpot ဆုကြီးပါဝင်မည်ဖြစ်ကြောင်း၊ လတ်တလောတွင် ဂဏန်းခြောက်လုံးထီမှ ငါးလုံးထီသို့ ကူးပြောင်းရန် ပြင်ဆင်နေသဖြင့် အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်အထိ လက်မှတ်အရောင်းပိတ်ထားကြောင်း အောင်ဘာလေအွန်လိုင်းထီက ကြေညာခဲ့သည်။

အောင်ဘာလေအွန်လိုင်းထီကို ၂၀၂၃ ခုနှစ် ဇွန်လတွင် စတင်ရောင်းချခဲ့ပြီး အက္ခရာတစ်လုံး၊ ဂဏန်း ခြောက်လုံး၊ ထီတစ်စောင် ကျပ် ၁၀၀၀၊ အမြင့်ဆုံးဆု ကျပ်သိန်း ၅၀၀ ဖြင့်သာ တစ်လတစ်ကြိမ် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။