ဂျပန်စီးပွားရေးမူဝါဒအား အလုံးစုံ ပြုပြင်ပြောင်းလဲရန် IMF ဥက္ကဋ္ဌတိုက်တွန်း

ဂျပန်စီးပွားရေးမူဝါဒအား အလုံးစုံ ပြုပြင်ပြောင်းလဲရန် IMF ဥက္ကဋ္ဌတိုက်တွန်း
အောက်တိုဘာ ၄ ရက်တွင် တိုကျို၌ ဂျပန်ဝန်ကြီးချုပ် အာဘေး (ယာ)နှင့် IMF ဥက္ကဋ္ဌ လာဂါဒီ(ဝဲ) တို့ တွေ့ဆုံဆွေးနွေးနေစဉ် (Photo: AFP)
အောက်တိုဘာ ၄ ရက်တွင် တိုကျို၌ ဂျပန်ဝန်ကြီးချုပ် အာဘေး (ယာ)နှင့် IMF ဥက္ကဋ္ဌ လာဂါဒီ(ဝဲ) တို့ တွေ့ဆုံဆွေးနွေးနေစဉ် (Photo: AFP)
Published 4 October 2018
Ref: AFP

ကမ္ဘာ့စီးပွားရေး တတိယအကြီးဆုံး ဂျပန်သည် ကိုင်တွယ်ရခက်သော နည်းပါးသည့် ငွေကြေးဖောင်းပွမှု၊ စီးပွားရေးတိုးတက်မှု နှေးကွေးမှုနှင့် သက်ကြီးရွယ်အိုလူဦးရေ အလွန်အမင်း မြင့်တက်လာမှုကို ဖြေရှင်းရန် ကြိုးပမ်းနေရစဉ် ဂျပန်၏ စီးပွားရေး မူဝါဒကို အလုံးစုံ စစ်ဆေးပြုပြင်ရန် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ဥက္ကဋ္ဌက အောက်တိုဘာ ၄ ရက်တွင် တိုက်တွန်းခဲ့သည်။ 

ငွေကြေးမူဝါဒအား အလွန်အမင်း ဖြေလျှော့ပေးထားမှုကို ဘဏ္ဍာရေးဆိုင်ရာ တွန်းအားပေး အစီအစဉ်များနှင့် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် ပေါင်းစပ်ထားသည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ စီးပွားရေးမူဝါဒဖြစ်သော Abenomics ကို ဆန်းသစ်မှုပြုလုပ်ရန် IMF ဥက္ကဋ္ဌ ခရစ္စတင်းလာဂါဒီက တိုက်တွန်းခဲ့သည်။ 

မူဝါဒများအား မွမ်းမံရန် လိုအပ်နေသည်ဟု ယုံကြည်ကြောင်း၊ ၎င်းတို့၏ အမြင်အရ အခြေခံမူများသည် ခိုင်မာနေဆဲဖြစ်ကြောင်း၊ သို့သော် ပိုမိုချဲ့ထွင်ပြီး စဉ်ဆက်မပြတ်နှင့် အရှိန်မြှင့်ရမည်ဖြစ်ကြောင်း လာဂါဒီက ပြောကြားခဲ့သည်။ ဂျပန်သည် သက်ကြီးရွယ်အို အရေအတွက် မြင့်တက်လာမှုနှင့် မွေးဖွားနှုန်း ကျုံ့သွားမှုတို့ ကြုံနေရစဉ် ဂျပန်ရင်ဆိုင်နေရသော စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများသည် မြင့်တက်လာမည်သာ ဖြစ်ကြောင်း၊ စီးပွားရေးနှင့် လူဦးရေအရွယ်အစားသည် လာမည့်နှစ် ၄၀ ကျော်အတွင်း လေးပုံတစ်ပုံ ကျုံ့လာမည်ဖြစ်ကြောင်း လာဂါဒီက သတိပေးခဲ့သည်။

အာရှ၏ အင်အားကြီးနိုင်ငံဟောင်း ဂျပန်တွင် ယခုနှစ်အတွက် စီးပွားရေးတိုးတက်မှုသည် ၁.၁ ရာခိုင်နှုန်းရှိမည်ဖြစ်ပြီး လာမည့်နှစ်တွင် ၀.၉ ရာခိုင်နှုန်းသို့ ကျဆင်းမည်ဖြစ်ကြေင်း IMF က ခန့်မှန်းခဲ့သည်။ 

ငွေကြေးဖောင်းပွမှုကို ဂျပန်ဘဏ်၏ သတ်မှတ်ချက်ဖြစ်သော နှစ်ရာခိုင်နှုန်းကို ကျော်လွန်ရောက်ရှိစေရန် စျေးနှုန်းများကို တဖြည်းဖြည်းချင်း ဆက်လက်တိုးမြှင့်ရမည် ဖြစ်သော်လည်း လာမည့်နှစ်အနည်းငယ်တွင် ထိုသတ်မှတ်ချက်အောက် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း လာဂါဒီက ပြောကြားခဲ့သည်။ 

ဂျပန် အလုပ်သမားစျေးကွက်တွင် ကျား၊ မ ကွာဟချက်ကို လျှော့ချရန် ထပ်မံ၍ လုပ်ဆောင်နိုင်သည့် အရာများစွာရှိကြောင်း အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူနှင့် ကမ္ဘာတွင် သြဇာအရှိဆုံး အမျိုးသမီးတစ်ဦးဖြစ်သည့် လာဂါဒီက ပြောကြားခဲ့သည်။

အာဘေးသည် ၎င်းစီးပွားရေးမူဝါဒ၏ အဓိကရပ်တည်ချက်အဖြစ် Womenomics ဟုခေါ်သော လုပ်ငန်းခွင်ထဲသို့ အမျိုးသမီးများအား ပိုမိုရောက်ရှိစေရန် ကြိုးပမ်းခဲ့သည်။ သို့သော် ယခုသီတင်းပတ်တွင် အစိုးရအဖွဲ့ အပြောင်းအလဲ ပြုလုပ်ရာ၌ ထိပ်တန်းရာထူး ၂၅ နေရာတွင် အမျိုးသမီးတစ်ဦးသာ ပါဝင်ခဲဲ့သည့်အတွက် အာဘေးသည် ဝေဖန်ခံခဲ့ရသည်။ 

ဂျပန်စီးပွားရေး တိုးတက်စေရန် လုပ်ဆောင်နိုင်သည့် အခြားအရာများတွင် ကလေးသူငယ်နှင့် သက်ကြီးရွယ်အို စောင့်ရှောက်မှုများကို တိုးမြှင့်ပေးအပ်ခြင်းနှင့် ကျား၊ မ အကြား ဝင်ငွေကွာဟချက်ကို လျှော့ချခြင်းတို့အား IMF ၏ ဂျပန်စီးပွားရေးဆိုင်ရာ နှစ်စဉ်အစီရင်ခံစာ၌ အကြံပြုခဲ့သည်။ 

Most Read

Most Recent