တပ်မတော်နှင့် KNU တွေ့ဆုံရန်စီစဉ်ထားရာတွင် KNU တပ်မဟာ (၅) တပ်မဟာမှူးမပါသဖြင့် ရွှေ့ဆိုင်းလိုက်ခြင်းအပေါ် စေ့စပ်ညှိနှိုင်းရေးအဖွဲ့တွင် တပ်မဟာ (၅) မှူးသည် မူလကတည်းက မပါဝင်ခြင်းဖြစ်ပြီး နားလည်မှုလွဲခြင်းဖြစ်နိုင်ကြောင်း KNU ဒုတိယဥက္ကဋ္ဌ ပြောကြား

တပ်မတော်နှင့် KNU တွေ့ဆုံရန်စီစဉ်ထားရာတွင် KNU တပ်မဟာ (၅) တပ်မဟာမှူးမပါသဖြင့် ရွှေ့ဆိုင်းလိုက်ခြင်းအပေါ် စေ့စပ်ညှိနှိုင်းရေးအဖွဲ့တွင် တပ်မဟာ (၅) မှူးသည် မူလကတည်းက မပါဝင်ခြင်းဖြစ်ပြီး နားလည်မှုလွဲခြင်းဖြစ်နိုင်ကြောင်း KNU ဒုတိယဥက္ကဋ္ဌ ပြောကြား
Published 1 April 2018

KNU အရပ်သားကိုယ်စားလှယ်အဖွဲ့ မတ်လအတွင်း တပ်မဟာ (၅) ဌာနချုပ် ဖာပွန်ခရိုင် ဒေ့ဘိုနို့ရွာသို့ သွားရောက်ခဲ့စဉ် (ဓာတ်ပုံ-JMC-U)

တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့တွေ့ဆုံရန် စီစဉ်ထားရာတွင် KNU တပ်မဟာ (၅) တပ်မဟာမှူးမပါသဖြင့် ရွှေ့ဆိုင်းလိုက်ခြင်းအပေါ် စေ့စပ်ညှိနှိုင်းရေးအဖွဲ့တွင် တပ်မဟာ (၅) မှူးသည် မူလကတည်းက မပါဝင်ခြင်းဖြစ်ပြီး နားလည်မှုလွဲခြင်းဖြစ်နိုင်ကြောင်း KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက မတ် ၃၁ ရက်တွင် ပြောကြားသည်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် ဖြစ်ပွားခဲ့သည့် ထိတွေ့မှုနှင့်ပတ်သက်၍ တပ်မတော်နှင့် KNU မှ ထိပ်ပိုင်းခေါင်းဆောင်များသည် မတ် ၂၉ ရက် (သို့မဟုတ်) ၃၀ ရက်တွင် ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့၌ တွေ့ဆုံညှိနှိုင်းရန် (၁၅) ကြိမ်မြောက် JMC-U အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချထားသည်။

သို့ရာတွင် KNU တပ်မဟာ (၅) မှူး ကျန်းမာရေးမကောင်းသည့်အတွက် တွေ့ဆုံပွဲအား ရွှေ့ဆိုင်းထားကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အတွင်းရေးမှူး (၂) တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီးဝဏ္ဏအောင်က ပြောကြားသည်။

“တပ်မဟာ (၅) တပ်မဟာမှူးပေါ့နော်။ ကျော်မူဟဲကတော့ သူကမျက်လုံးခွဲတာနဲ့ ကြုံနေလို့ဆိုပြီးတော့ ကျန်းမာရေးမကောင်းလို့ဆိုပြီးတော့ သူတို့ဘက်ကနေပြီး ဒီလိုပြောလာတာတော့ ရှိပါတယ်။ တွေ့ဆုံဖို့အတွက် ဆက်လက်ညှိနှိုင်းနေပါတယ်။ ကိုယ်တို့ တပ်မတော်ဘက်က တွေ့ဖို့အဆင်သင့်ရှိပါတယ်။ ကိုယ်တို့ပြောထားပါတယ်။ မျက်လုံးခွဲပြီးကောင်းတာနဲ့ ပြန်လည်တွေ့ကြဖို့ဆိုပြီးတော့ သူတို့ကိုလည်း ပြောထားပါတယ်” ဟု ဗိုလ်မှူးကြီးဝဏ္ဏအောင်က ပြောကြားသည်။

အလားတူ JMC-U အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးရ်ကလည်း KNU ၏ တပ်မဟာ (၅) တပ်မဟာမှူး ကျန်းမာရေးကောင်းလာသည့်အချိန်တွင် ပြန်လည်တွေ့ဆုံညှိနှိုင်းမည်ဖြစ်ကြောင်း ပြောကြားသည်။

KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက “သူတို့ဆီက Report လည်းမရဘူးဆိုတော့ ကျွန်တော် ရှင်းရှင်းလင်းလင်းပြောဖို့ခက်တယ်။ ဒါပေမဲ့ သိရသလောက်ကတော့ အဲဒီအခင်းဖြစ်တဲ့ဒေသရဲ့ သက်ဆိုင်ရာတပ်မဟာမှူး မပါတဲ့အတွက်ကြောင့် သူတို့ရွှေ့ဆိုင်းထားတဲ့သဘောဖြစ်တယ်။ ဖျက်သိမ်းတဲ့သဘောတော့ မဟုတ်ဘူးပေါ့နော်။ ဒါက ကျွန်တော်တို့ ပြန်ညှိရမှာပေါ့။ ကျွန်တော်တို့ရဲ့ စေ့စပ်ညှိနှိုင်းရေးရာအဖွဲ့မှာ တပ်မဟာ (၅) မှူးကမပါဘူး။ အဲဒီအဖွဲ့မှာ။ မူလကတည်းက မပါတဲ့အတွက်ကြောင့် အဲဒီညှိနှိုင်းရေးအဖွဲ့မှာ သူပါမသွားတာဖြစ်တယ်။ တစ်ဖက်က နားလည်မှုလွဲသလားတော့ မသိဘူးပေါ့နော်။ ကျွန်တော်တို့ဘက်က အဖွဲ့အစည်းနဲ့ သူတို့ဘက်က သက်ဆိုင်ရာတပ်မတော်ဘက်က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံညှိနှိုင်းဖို့အတွက် တာဝန်ပေးတာဖြစ်တယ်။ ဒါပေမဲ့ အဲဒီမှာပါမယ့်အဖွဲ့တွေရဲ့ အစီရင်ခံမှုမရတော့ ကျွန်တော်လည်း တိတိကျကျ သူတို့နောက်ဆုံးအခြေအနေတော့ မသိဘူးပေါ့” ဟုပြောကြားသည်။

တပ်မတော်နှင့် KNU တို့တွေ့ဆုံရာတွင် တပ်မတော်ဘက်မှ အကြီးအကဲများ၊ KNU ဘက်မှ ဗဟိုအဆင့်ခေါင်းဆောင်များ၊ တပ်မဟာ (၅) ခေါင်းဆောင်များပါဝင်မည်ဖြစ်ကြောင်း သဘောတူညီမှုရရှိခဲ့သည်ဟု မတ် ၂၂ ရက်တွင်ပြုလုပ်သည့် JMC-U သတင်းစာရှင်းလင်းပွဲတွင် JMC-U အတွင်းရေးမှူးများက ပြောကြားထားသည်။

“JMC မှာ ညှိနှိုင်းတုန်းက ကျွန်တော်တို့နားလည်တာက သက်ဆိုင်ရာတာဝန်ရှိတဲ့ ခေါင်းဆောင်များပါဝင်ဖို့ပဲဖြစ်တယ်။ ဒါမှမဟုတ် သက်ဆိုင်ရာဒေသမှာရှိတဲ့ တာဝန်ရှိတဲ့ပုဂ္ဂိုလ်က အဖွဲ့အစည်းကတာဝန်ပေးတဲ့ ပုဂ္ဂိုလ်တော့ပါတာပေါ့။ သို့သော်လည်းပဲ အဲဒီလို တပ်မဟာမှူးပါရမယ်ဆိုတဲ့ သဘောတော့ တိတိကျကျ သဘောတူထားတာမရှိဘူး။ ရေးသားထားတာလည်း မရှိဘူး။ နားလည်မှု တစ်ခုခုလွဲတာလည်း ဖြစ်နိုင်တယ်လေ” ဟု KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် KNU တပ်မဟာ (၅) တို့အကြား ဖာပွန်ခရိုင်တွင် ထိတွေ့မှုဖြစ်စဉ်နှင့်ပတ်သက်၍ ဖြစ်စဉ်အခြေအနေများနှင့် အမြင်သဘောထားများကို သိရှိနိုင်စေရန်အတွက် JMC-U ၏ တာဝန်ပေးချက်အရ JMC အရပ်သားကိုယ်စားလှယ်အဖွဲ့သည် မတ် ၁၉ ရက်မှ ၂၁ ရက်အထိ တပ်မဟာ (၅) ဌာနချုပ်ရှိရာ ဖာပွန်ခရိုင်ဒေ့ဘိုနို့ရွာသို့ သွားရောက်ခဲ့ကြောင်း JMC-U က သတင်းထုတ်ပြန်ထားသည်။

Most Read

Most Recent