အရန်ခုံတွင်ထိုင်လို၍ ဒိုင်များကို ဝေဖန်တော့မည်မဟုတ်ဟု ဂွါဒီယိုလာ ဆို

အရန်ခုံတွင်ထိုင်လို၍ ဒိုင်များကို ဝေဖန်တော့မည်မဟုတ်ဟု ဂွါဒီယိုလာ ဆို
Published 3 October 2018

 

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက မိမိအနေဖြင့် ဘောလုံးပွဲများတွင် ကစားသမားများနှင့်အတူ အရန်ခုံပေါ်တွင် ထိုင်လိုသောကြောင့် ဒိုင်လူကြီးများကို ဝေဖန်တော့မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ အင်္ဂါနေ့က ကစားခဲ့သော ချန်ပီယံလိဂ်ပွဲစဉ် ဟော်ဖန်ဟင်မ် (၁-၂) မန်စီးတီးပွဲတွင် မန်စီးတီးအသင်းအနေဖြင့် ရသင့်သည့်ပယ်နယ်တီတစ်လုံးမရရှိခြင်းအပေါ်  မီဒီယာများက မေးမြန်းခဲ့ရာတွင် ၎င်းက ယင်းကဲ့သို့ ဖြေကြား ခဲ့ခြင်းဖြစ်သည်။

မန်စီးတီးတောင်ပံကစားသမား ဆာနေးအား ဟော်ဖန်ဟင်မ်ဂိုးသမားက ပယ်နယ်တီဧရိယာအတွင်း (ဘော လုံးကိုမထိဘဲ) လဲကျအောင် ပြုလုပ်ခဲ့သော်လည်း ယင်းပွဲ၏ ဆလိုဗေးနီးယားဒိုင်လူကြီး စကိုမီနာက ပယ်နယ် တီပေးရန် ငြင်းဆန်ခဲ့သည်။

ပွဲအပြီးတွင် ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ဒိုင်လူကြီး၏ဆုံးဖြတ်ချက်အပေါ် ဝေဖန်ရန် မီဒီယာများက မေးမြန်းခဲ့ရာ ဂွါဒီယိုလာက "ကျွန်တော် ဒိုင်တွေအကြောင်း မပြောချင်တော့ပါဘူး။ နောက်ပွဲတွေမှာ ကျွန်တော့်ကစား သမားတွေနဲ့အတူ ကျွန်တော်အရန်ခုံမှာ အတူထိုင်ချင်ပါတယ်။ ပြီးခဲ့တဲ့ရာသီတွေတုန်းက မိုနာကို၊ လီဗာပူးလ်အသင်းတွေနဲ့ ပွဲစဉ်တွေမှာ ဒိုင်လူကြီး တွေကို ဝေဖန်ခဲ့ပြီးတော့ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ကျွန်တော် ကောင်းကောင်းနားလည်သွားပါပြီ။ ဒါကြောင့် ကျွန်တော် သူတို့ကို မဝေဖန်ချင်တော့ပါဘူး။ သူတို့ကိုဝေဖန်ရင် ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်သိနေပါတယ် ဟု ပြောကြားခဲ့သည်။

ဂွါဒီယိုလာသည် ပြီးခဲ့သည့်ရာသီက လီဗာပူးလ်နှင့် ကစားခဲ့သော ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ် အပြီး ယင်းပွဲမှ ဒိုုင်လူကြီးကို ဝေဖန်ခဲ့ခြင်းကြောင့် ယခုရာသီ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲတွင် ကွင်းအတွင်းကြီး ကြပ်ခွင့် ပိတ်ပင်ခံခဲ့ရသည်။

Most Read

Most Recent