နှစ်ဖက်ယုံကြည်မှုများ မထိခိုက်စေရန်အတွက် ပဏာမသဘောတူစာချုပ်ကို လေးစားလိုက်နာပြီး အင်အားသုံးဖြေရှင်းခြင်းနည်းလမ်းကို ရှောင်ရှားကာ အပြုသဘောဆောင်သော တွေ့ဆုံညှိနှိုင်းဆွေးနွေးရေးနည်းလမ်းဖြင့် အဖြေရှာရန် SSPP တောင်းဆို

နှစ်ဖက်ယုံကြည်မှုများ မထိခိုက်စေရန်အတွက် ပဏာမသဘောတူစာချုပ်ကို လေးစားလိုက်နာပြီး အင်အားသုံးဖြေရှင်းခြင်းနည်းလမ်းကို ရှောင်ရှားကာ အပြုသဘောဆောင်သော တွေ့ဆုံညှိနှိုင်းဆွေးနွေးရေးနည်းလမ်းဖြင့် အဖြေရှာရန် SSPP တောင်းဆို
Published 17 January 2018

နှစ်ဖက်ယုံကြည်မှုများ မထိခိုက်စေရန်အတွက် ပဏာမသဘောတူစာချုပ်ကို လေးစားလိုက်နာပြီး အင်အားသုံးဖြေရှင်းခြင်းနည်းလမ်းကို ရှောင်ရှားကာ အပြုသဘောဆောင်သော တွေ့ဆုံညှိနှိုင်းဆွေးနွေးရေးနည်းလမ်းဖြင့် အဖြေရှာရန် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဗဟိုကော်မတီက ဇန်နဝါရီ ၁၄ ရက် ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ရာတွင် အစိုးရနှင့်တပ်မတော်အား တောင်းဆိုတိုက်တွန်းထားသည်။

SSPP ဗဟိုကော်မတီ မျက်နှာစုံညီ ၂၀၁၇ နှစ်ချုပ်အစည်းအဝေးကို SSPP ဌာနချုပ်ဝမ်ဟိုင်းတွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၆ ရက်မှ ၁၃ ရက်အထိကျင်းပခဲ့ပြီး ထိုသို့ သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဗဟိုကော်မတီအစည်းအဝေးတွင် ၂၀၁၇ ခုနှစ်အတွင်း ချမှတ်ခဲ့သော လုပ်ငန်းစဉ် အကောင်အထည်ဖော်နိုင်မှု အားနည်းချက်၊ အားသာချက်များကို အကျေအလည်ဆွေးနွေးသုံးသပ်၍ ၂၀၁၈ ခုနှစ်အတွက် လုပ်ငန်းစဉ်များကို ဆုံးဖြတ်ချမှတ်နိုင်ခဲ့ပြီး အစည်းအဝေးသို့ ဦးဆောင်နာယက နှစ်ဦး၊ ဗဟိုကော်မတီဝင် ၁၇ ဦး၊ အရန်ဗဟိုကော်မတီဝင်ခြောက်ဦး၊ ပါဝင်သင့်ပါဝင်ထိုက်သူနှင့် လေ့လာသူများအပါအဝင် စုစုပေါင်း ၄၀ တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် SSPP ၏ ထုတ်ပြန်ချက်တွင် မိဘပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေး၊ ဆည်မြောင်းတာတမံများ၊ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆတက်ထမ်းပိုးတိုး၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးသည် တစ်မျိုးသားလုံးကို လူညွန့်တုံးစေသောကြောင့် မူးယစ်ဆေးဝါးများ တားဆီးနှိမ်နင်းရေးကို နိုင်ငံတော်အစိုးရနှင့် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်မှုဖြင့် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

ထို့အတူ SSPP သည် နိုင်ငံတော်အစိုးရနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ပဏာမသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သော်လည်း တပ်မတော်၏ နယ်မြေစိုးမိုးရေး အကြောင်းပြချက်ကြောင့် အကြိမ်ပေါင်း ၅၀၀ ကျော် တိုက်ပွဲဖြစ်ပွားခဲ့ရကြောင်း၊ မိမိဗဟိုဌာနချုပ်အဝင်အထွက် လမ်းကြောင်းများကို ပိတ်ဆို့ထားသည့်အပြင် မိမိတပ်ဖွဲ့ဝင် အယောက် ၄၀ ကျော်သည်လည်း နည်းလမ်းအမျိုးမျိုးဖြင့် တပ်မတော်၏ ဖမ်းဆီးချုပ်နှောင်ထားခြင်းခံခဲ့ရကြောင်း၊ ၎င်းတို့ပြန်လွှတ်ပေးနိုင်ရန်အတွက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အကြီးအကဲများထံ အကြိမ်ကြိမ်စာရေး ညှိနှိုင်းတောင်းဆိုခဲ့သော်လည်း ယနေ့ထက်တိုင် ပြန်လွှတ်ပေးခြင်းမရှိသည့်အပေါ် လွန်စွာစိတ်မကောင်းဖြစ်ရကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေးရှု၍ အမြန်ဆုံးလွှတ်ပေးနိုင်ရန် ဤအစည်းအဝေးကြီးမှ ထပ်လောင်းတောင်းဆိုကြောင်း၊ ထို့ပြင် မလိုလားအပ်သည့် ပြဿနာများ လျော့ပါးသွားစေရန်နှင့် နှစ်ဖက်ယုံကြည်မှုများ မထိခိုက်စေရန်အတွက် ပဏာမသဘောတူစာချုပ်ကို လေးစားလိုက်နာပြီး အင်အားသုံးဖြေရှင်းခြင်း နည်းလမ်းများကို ရှောင်ရှား၍ အပြုသဘောဆောင်သော တွေ့ဆုံညှိနှိုင်းဆွေးနွေးရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာသွားရန် လိုအပ်ကြောင်း SSPP ၏ ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

SSPP အနေဖြင့်လက်ရှိ NLD အစိုးရချမှတ်ထားသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး လမ်းပြမြေပုံခုနစ်ရပ်ကို ကြိုဆိုထောက်ခံပြီး နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့်သာ စုပေါင်းဖြေရှင်းနိုင်ရေးနှင့် ပိုမိုပီပြင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဖြစ်ထွန်းလာစေရန်အတွက် ဘဝတူတိုင်းရင်းသား ညီအစ်ကိုအဖွဲ့အစည်းများနှင့် လက်တွဲကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

Most Read

Most Recent