ဂျူဗင်တပ်စ်ရရှိခဲ့သည့် စီးရီးအေနောက်ဆုံး (၁၄)ဂိုးတွင် စီရော်နယ်လ်ဒို၏ စွမ်းဆောင်ရည်ပါဝင်မှု (၁၀)ဂိုးအထိ ရှိခဲ့

ဂျူဗင်တပ်စ်ရရှိခဲ့သည့် စီးရီးအေနောက်ဆုံး (၁၄)ဂိုးတွင် စီရော်နယ်လ်ဒို၏ စွမ်းဆောင်ရည်ပါဝင်မှု (၁၀)ဂိုးအထိ ရှိခဲ့
Published 28 October 2018

 

ဂျူဗင်တပ်စ်အသင်းရရှိခဲ့သည့် စီးရီးအေနောက်ဆုံး (၁၄)ဂိုးတွင် စီရော်နယ်လ်ဒို၏ သွင်းဂိုး(သို့မဟုတ်) ဂိုးဖန်တီးမှုစွမ်းဆောင်ရည်ပါဝင်ပတ်သက်မှု (၁၀)ဂိုးအထိရှိကြောင်း သိရသည်။ စီရော်နယ်လ်ဒိုသည် ဂျူဗင်တပ်စ်အသင်း၏ စီးရီးအေနောက်ဆုုံး (၁၄)ပွဲတွင် (၇)ဂိုးသွင်းပြီး ဂိုးဖန်တီးမှု (၃)ကြိမ်ပြုလုပ်ထားနိုင်ခဲ့ကာ ၎င်း၏ စွမ်းဆောင်ရည်ပါဝင်ပတ်သက်မှုမှ (၁၀)ဂိုးအထိ ရရှိခဲ့ခြင်းလည်းဖြစ်သည်။

စီရော်နယ်လ်ဒိုသည် လက်ရှိရာသီအစတွင် ဂျူဗင်တပ်စ်အသင်းနှင့်အတူ ခြေစွမ်းပြနိုင်ရန် ရုန်းကန်ခဲ့ရသော်လည်း နောက်ဆုံးကစားခဲ့သည့် စီးရီးအေ (၇)ပွဲတွင် ယင်းကဲ့သို့ (၇)ဂိုးသွင်းပြီး ဂိုးဖန်တီးမှု (၃)ကြိမ်ပြုလုပ် နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထို့ပြင် စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့်စီးရီးအေပွဲစဉ် (၃)ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့ပြီး ပြီးခဲ့သည့် အောက်တိုဘာလ (၂၇)ရက်က ကစားခဲ့သော အမ်ပိုလီအသင်းနှင့် စီးရီးအေပွဲစဉ်တွင် (၂)ဂိုးသွင်းယူနိုင်ခဲ့သည်။ အမ်ပိုလီအသင်းနှင့်ပွဲစဉ်တွင် ဂျူဗင်တပ်စ်အသင်းသည် (၀-၁)ဂိုးရလဒ်ဖြင့် နောက်ကလိုက်ကစားခဲ့ရပြီး ပွဲချိန် (၅၄)မိနစ်တွင် စီရော်နယ်လ်ဒိုက ပယ်နယ်တီမှတစ်ဆင့် ချေပဂိုးနှင့် ပွဲချိန် မိနစ် (၇၀)တွင် အနိုင်ဂိုးများသွင်းယူပေးခဲ့ခြင်းဖြစ်သည်။

စီရော်နယ်လ်ဒိုက အမ်ပိုလီအသင်းနှင့်ပွဲမှာ မိမိတို့ဂျူဗင်တပ်စ်အသင်းအတွက် ခက်ခဲခဲ့ကြောင်းလည်း ပွဲအပြီးတွင် ဝန်ခံခဲ့သည်။ စီရော်နယ်လ်ဒိုက " ဒီပွဲက ခက်ခဲမယ်ဆိုတာကို ကျွန်တော် ကြိုသိခဲ့ပါတယ်။ ချန်ပီယံလိဂ်ပွဲကစားခဲ့ရပြီး နောက်ပွဲတွေဟာ ပုံမှန်အားဖြင့် ခက်ခဲလေ့ရှိပါတယ်။ ကျွန်တော်တို့ ပွဲ လည်းပန်းနေပါတယ်။ ဒါပေမဲ့ ပွဲကို ကျွန်တော်တို့ ထိန်းချုပ်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုနဲ့ အခွင့်အရေးတွေရရှိအောင် ဒုတိယပိုင်းအစမှာ ကြိုးစားခဲ့ပါတယ်။ အဆုံးသတ်မှာ ကျွန်တော်တို့အသင်းက နိုင်ပွဲနဲ့ထိုက်တန်ပါတယ်။ ဂိုးသွင်းယူနေချိန်မှာ ဘယ်လိုသွင်းခဲ့သလဲဆိုတာ ကျွန်တော် သိပ်မမှတ်မိပါဘူး။ ပွဲပြီးမှသာနောက်တစ်ခေါက် ကြည့်လေ့ရှိပါတယ်။ သွင်းဂိုးတွေအတွက် ကျွန်တော်အမြဲလိုလို ယုံကြည်မှုရှိပါတယ်။ ဒီတစ်ပတ်က ကျွန်တော်တို့အသင်းအတွက် တကယ့်ကိုအရေးကြီးခဲ့ပြီး မန်ချက်စတာယူနိုက်တက်အပါအဝင် ခက်ခဲမှုတွေကို အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent