လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအဖြစ် ဟဲဗီးဝိတ်တန်း ချန်ပီယံနှင့် အောင်လအန်ဆန် ထိုးသတ်ရဖွယ်ရှိ

လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအဖြစ် ဟဲဗီးဝိတ်တန်း ချန်ပီယံနှင့် အောင်လအန်ဆန် ထိုးသတ်ရဖွယ်ရှိ
အောင်လအန်ဆန်အား မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲအပြီး တွေ့ရစဉ် (ဓာတ်ပုံ - ညီညီစိုးညွန့်)
အောင်လအန်ဆန်အား မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲအပြီး တွေ့ရစဉ် (ဓာတ်ပုံ - ညီညီစိုးညွန့်)
Published 28 October 2018



မြန်မာ MMA ကစားသမား အောင်လအန်ဆန်သည် ONE လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲအဖြစ် ဟဲဗီးဝိတ်တန်း ချန်ပီယံနှင့် ထိုးသတ်ရဖွယ်ရှိကြောင်း သိရသည်။

ယင်းပြိုင်ပွဲကို ONE Championship အဖွဲ့အစည်းက အတည်ပြုထုတ်ပြန်ခြင်း မရှိသေးသော်လည်း မတ်လတွင် ဂျပန်နိုင်ငံ၌ ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

အောင်လအန်ဆန်က“ဒီနှစ်ထဲမှာ ထိုးသတ်မယ့်ပွဲအားလုံး ကုန်သွားပါပြီ။ လာမယ့်နှစ်ထဲမှာ ပြိုင်ပွဲတွေ ထိုးသတ်ဖို့ရှိပြီး ၂၀၁၉ မှာ ပထမဆုံးပြိုင်ပွဲအဖြစ် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲဖြစ်ပါတယ်။ လက်ရှိ ဟဲဗီးဝိတ်တန်း ချန်ပီယံက ကျွန်တော့်ကို စိန်ခေါ်ထားတယ်လို့ ပြောပါတယ်။ ကျွန်တော်လည်း ဒီပွဲထိုးသတ်ဖို့ စိတ်ဝင်စားပါတယ်။ ဒီပွဲထိုးသတ်ဖို့ ONE Championship အဖွဲ့ အစည်းက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းမှာပါ။ ထိုးဖြစ်ရင် ဂျပန်နိုင်ငံမှာ ထိုးသတ်ရမှာပါ” ဟု ပြောကြားသည်။ လက်ရှိ ONE ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒန်ဗီရာက ရရှိထားပြီး ၎င်းအနေဖြင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို စိန် ခေါ်နိုင်ရန် ကိုယ်အလေးချိန် လျှော့ချရမည်ဖြစ်သည်။ အောင်လအန်ဆန်သည် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီတွင် ဘရာဇီးလ်နိုင်ငံသား မာချာဒိုအား ပထမအချီတွင် အလဲထိုး အနိုင်ရပြီး ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ရထားသော်လည်း ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ရခြင်းမရှိသေးဘဲ လာမည့်နှစ်မှသာ ပထမဆုံး ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။

အောက်တိုဘာ ၂၆ ရက်က ကျင်းပသည့် ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲတွင် အနိုင်ရခဲ့သော အောင်လအန်ဆန်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ကျပ်သိန်း ၁၀၀ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ယင်းမှတ်တမ်းလွှာနှင့် ဆုကြေးငွေကို အောက်တိုဘာ ၂၇ ရက်က Rose Garden ဟိုတယ်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံက ပေးအပ်ချီးမြှင့်ခဲ့သည်။

Most Read

Most Recent