မြန်မာနိုင်ငံသည် တရားဥပဒေစိုးမိုးမှုသာ ရှိခဲ့မည်ဆိုပါက တရားမျှတသည့်ဥပဒေများသည် မည်သည့်အဆင့်အတန်းမဆို သက်ရောက်မည်ဖြစ်ပြီး ဖိနှိပ်ရန်အတွက် ဥပဒေများကို အသုံးပြုနေခြင်း ရှိလာမည်မဟုတ်ကြောင်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ စွပ်စွဲ

မြန်မာနိုင်ငံသည် တရားဥပဒေစိုးမိုးမှုသာ ရှိခဲ့မည်ဆိုပါက တရားမျှတသည့်ဥပဒေများသည် မည်သည့်အဆင့်အတန်းမဆို သက်ရောက်မည်ဖြစ်ပြီး ဖိနှိပ်ရန်အတွက် ဥပဒေများကို အသုံးပြုနေခြင်း ရှိလာမည်မဟုတ်ကြောင်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ စွပ်စွဲ
Published 25 October 2018
 ငြိမ်းကို

မြန်မာနိုင်ငံသည် တရားဥပဒေစိုးမိုးမှုသာ ရှိခဲ့မည်ဆိုပါက တရားမျှတသည့် ဥပဒေများသည် မည်သည့်အဆင့်အတန်းမဆို သက်ရောက်မည်ဖြစ်ပြီး ဖိနှိပ်ရန်အတွက် ဥပဒေများကို အသုံးပြုနေခြင်း ရှိလာမည်မဟုတ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် မစ္စယန်ဟီးလီက စွပ်စွဲပြောကြားခဲ့ကြောင်း UN Nations Web TV ၏ ဖော်ပြမှုအရ သိရသည်။ 

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပနေသည့် ၇၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ မြန်မာဆိုင်ရာ အချက်အလက် ရှာဖွေရေးအဖွဲ့ခေါင်းဆောင် မစ္စတာ မာဇူကီး ဒါရုစ်မန်တို့က ၎င်းတို့ တင်ပြခဲ့မှုများနှင့် ပတ်သက်ပြီး အောက်တိုဘာ ၂၄ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါရှင်းလင်းပွဲကို UN Nations Web TV က ထုတ်လွှင့်ခဲ့သည်။

“မြန်မာအစိုးရဟာ ပြည်သူအားလုံးရဲ့ အခွင့်အရေးနဲ့ လွတ်လပ်မှုတွေ သာတူညီမျှ ခံစားခွင့်ရှိတဲ့ ဒီမိုကရေစီစံနှုန်း အပြည့်အဝရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာအောင် ထူထောင်ဖို့ စိတ်မဝင်စားဘူးဆိုတာကို ပိုပြီးသရုပ်ပြသလာပါတယ်။ ဒါ့အပြင် တရားဥပဒေစိုးမိုးမှုနဲ့ တရားမျှတမှုလည်း မရှိပါဘူး။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူအားလုံးဟာ တရားဥပဒေစိုးမိုးမှုစံ သတ်မှတ်ချက်ကို ရရှိမယ်လို့ ထပ်ကာထပ်ကာ ပြောနေပေမယ့် လက်တွေ့မှာတော့ ဒါကို လိုက်နာကျင့်သုံးတာ မရှိသေးပါဘူး။ တကယ်သာ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုသာ ရှိခဲ့မယ်ဆိုရင် တရားမျှတတဲ့ ဥပဒေတွေဟာ ဘယ်အဆင့်အတန်းက လူမဆို သက်ရောက်မှာဖြစ်ပြီး ကျူးလွန်သူတွေ ပြစ်ဒဏ်ကနေ ကင်းလွတ်နေတာမျိုးတွေ ရှိမှာမဟုတ်သလို ဖိနှိပ်ဖို့အတွက် ဥပဒေတွေကို အသုံးပြုနေတာလည်း ရှိလာမှာမဟုတ်ပါဘူး” ဟု လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စယန်ဟီးလီက ပြောကြားသည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကို အာဏာခွဲဝေမှုများ ပေးထားရသော်လည်း အရပ်သားအစိုးရအနေဖြင့် လုပ်ဆောင်နိုင်မှု အများအပြားရှိနေပြီး အဆိုပါ အခွင့်အာဏာကို အသုံးချရန် မလုပ်ဆောင်ကြောင်း မစ္စယန်ဟီးလီက ပြောကြားခဲ့သလို Reuters သတင်းထောက်နှစ်ဦးနှင့် ကျောင်းသားသပိတ်တွင် ကျောင်းသားများဘက်မှ လိုက်ပါဆောင်ရွက်ခဲ့သည့် ရှေ့နေ ဒေါ်ခင်ခင်ကျော်တို့ ထောင်ဒဏ်ချမှတ်ခံရမှုနှင့် Eleven Media Group မှ အယ်ဒီတာချုပ် အပါအဝင်သုံးဦး တရားစွဲဆိုခံရမှုကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

မစ္စယန်ဟီးလီ၏ (၇၃) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အစီရင်ခံစာ တင်သွင်းမှုအပေါ် ညီလာခံ၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက မြန်မာနိုင်ငံသည် နိုင်ငံတစ်နိုင်ငံချင်းအပေါ် သီးခြားပစ်မှတ်ထား အရေးယူ ဆောင်ရွက်မှုများသည် လူ့အခွင့်အရေး မြှင့်တင်မှုကိစ္စများကို ဆောင်ရွက်ရာ၌ နိုင်ငံအချို့အား ရွေးထုတ်ဆောင်ရွက်ခြင်း မပြုရေး (Non-selectivity) နှင့် နိုင်ငံရေးအရ အသုံးချမှုမပြုရေး (Non-politicization) စသည့် မူဝါဒများနှင့် သွေဖည်နေသည့်အတွက် စွဲမြဲစွာဆန့်ကျင်ခဲ့ကြောင်း၊ သို့ရာတွင် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရေးမူနှင့်အညီ အထူးအစီရင်ခံစာ တင်သွင်းသူ အဆက်ဆက်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ အထူးအစီရင်ခံစာ တင်သွင်းသူတစ်ဦး၏ မျှတသည့် အစီရင်ခံစာကို တင်သွင်းရန် မိမိတို့အနေဖြင့် အလေးအနက် မျှော်လင့်ခဲ့သော်လည်း ၎င်းအနေဖြင့် အတည်မပြုနိုင်သည့် အချက်အလက်များကို အခြေခံကာ အဆိုးမြင်ပြီး အပြုသဘောမဆောင်သည့် ဝေဖန်စွပ်စွဲချက်များကို ဆက်လက်ပြုလုပ်နေကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုရရှိရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို မသိကျိုးကျွန်ပြုထားသည့်အတွက် အထူးအစီရင်ခံစာ တင်သွင်းသူအနေဖြင့် ပြဿနာရပ်များကို ဖြေရှင်းရန် စစ်မှန်သော ဆန္ဒရှိ၊ မရှိအပေါ် မေးခွန်းထုတ်လိုကြောင်း စသည်ဖြင့် အချက်အလက်များဖြင့် တုံ့ပြန်ရှင်းလင်းခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသည် မစ္စယန်ဟီးလီ စတင်တာဝန်ထမ်းဆောင်သည့် ၂၀၁၄ ခုနှစ်မှစ၍ ၂၀၁၇ ခုနှစ်ကာလအတွင်း၊ ဒီဇင်ဘာလအထိ ၎င်း၏ခရီးစဉ်ကို ခြောက်ကြိမ်တိုင် စီစဉ်ပေးခဲ့ကြောင်း၊ သို့ရာတွင် ၎င်း၏အခွင့်အာဏာကို ကျော်လွန်အသုံးချခဲ့သည့်အတွက် ၎င်းအပေါ် ပြည်သူများက မကျေမနပ် ဖြစ်ခဲ့ကြကြောင်း၊ သို့အတွက် မိမိတို့အနေဖြင့် ၎င်းနှင့် ပူးပေါင်း ဆောင်ရွက်ရေးကို ရပ်ဆိုင်းခဲ့ပြီး၊ အစားထိုးခန့်အပ်ရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း၊  မြန်မာနိုင်ငံသည် ကုလသမဂ္ဂနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားလိုသည်ဆန္ဒကို ပြသသည့်အနေဖြင့် အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်အဖြစ် Ms. Christine Schraner Burgener ကို ခန့်အပ်ခဲ့သည့်အပေါ် ကြိုဆိုခဲ့ပြီး နေပြည်တော်၌ ၎င်း၏ရုံးဖွင့်လှစ်ရန်ကိစ္စကို ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဇွန်လမှစ၍ ၎င်းတာဝန်ယူသည့် ငါးလအတွင်း မြန်မာနိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်များကို စီစဉ်ပေးခဲ့ကြောင်း အမြဲတမ်းကိုယ်စားလှယ်က ပြောကြားသည်။

Most Read

Most Recent