ရခိုင်ပြည်နယ်နှင့် အခြားမည်သည့်ဒေသ၌မဆို ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ခံမှုရှိစေရန် အစိုးရအနေဖြင့် သန္နိဋ္ဌာန်ချထားပြီး လုံလောက်သည့် သက်သေအထောက်အထားရှိပါက ကျူးလွန်သူများကို အရေးယူမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စ

ရခိုင်ပြည်နယ်နှင့် အခြားမည်သည့်ဒေသ၌မဆို ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ခံမှုရှိစေရန် အစိုးရအနေဖြင့် သန္နိဋ္ဌာန်ချထားပြီး လုံလောက်သည့် သက်သေအထောက်အထားရှိပါက ကျူးလွန်သူများကို အရေးယူမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စ
Published 25 October 2018

ရခိုင်ပြည်နယ်နှင့် အခြားမည်သည့်ဒေသ၌မဆို ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ခံမှုရှိစေရန် အစိုးရအနေဖြင့် သန္နိဋ္ဌာန်ချထားပြီး လုံလောက်သည့် သက်သေအထောက်အထားရှိပါက ကျူးလွန်သူများကို အရေးယူမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောကြားသည်။ 

နယူးယောက်မြို့တွင် ကျင်းပလျက်ရှိသော (၇၃) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ၏ တတိယကော်မတီ အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဆွေးနွေးမှု အစီအစဉ်နှစ်ရပ်ကို အောက်တိုဘာ ၂၃ ရက်က ပြုလုပ်ခဲ့ပြီး အဆိုပါ ဆွေးနွေးမှု အစီအစဉ်များတွင် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီးလီနှင့် နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ဥက္ကဋ္ဌ မစ္စတာ မာဇူကီးဒါရုစ်မန်တို့က ၎င်းတို့၏ အစီရင်ခံစာများအပေါ် အသီးသီး ရှင်းလင်း ပြောကြားခဲ့သည်။

ထိုသို့ ရှင်းလင်းပြောကြားချက်များအနက် နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ဥက္ကဋ္ဌ၏ ပြောကြားမှုနှင့်ပတ်သက်၍ အမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြန်လည်တုံ့ပြန်သည့် မိန့်ခွန်းပြောရာတွင် ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုအရ သိရသည်။ 

နိုင်ငံတကာ အချက်အလက် ရှာဖွေရေးအဖွဲ့ (FFM) ဥက္ကဋ္ဌ၏ ရှင်းလင်းပြောကြားချက်အပေါ် တုံ့ပြန်ရာတွင် အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးဟောက်ဒိုဆွမ်းက FFM ၏ ရိုးသားစစ်မှန်မှုသည် မေးခွန်းထုတ်စရာဖြစ်နေပြီး စုံစမ်းစစ်ဆေးမှု နည်းလမ်းသည်လည်း အားနည်းချက်များစွာရှိကြောင်း၊ ရခိုင်ပြည်နယ်၏ လက်ရှိလူသားချင်းစာနာမှု အရေးကိစ္စသည် ၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင် အာဆာအကြမ်းဖက်အုပ်စုက ရဲကင်းစခန်း (၃၀) နှင့် နယ်မြေခံတပ်ရင်း ဌာနချုပ်တို့ကို ကြိုတင်အကွက်ချ စီစဉ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်ပွားရခြင်း ဖြစ်ကြောင်းကို အစိုးရအနေဖြင့် အကြိမ်ကြိမ် ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ အာဆာ အကြမ်းဖက်များက လုံခြုံရေးတပ်ဖွဲ့များအပြင် ဟိန္ဒူရွာသားများ၊ အခြားလူမျိုးစုများနှင့် အစိုးရကို ထောက်ခံသည့် မွတ်စလင်များ အပါအဝင် အပြစ်မဲ့ ပြည်သူရာနှင့်ချီ၍ သတ်ဖြတ်ခဲ့သည့်အတွက် ထောင်နှင့်ချီသော အပြစ်မဲ့ပြည်သူများမှာ ရခိုင်ပြည်နယ်ရှိ အခြားဒေသများသို့ ထွက်ပြေးခဲ့ရကြောင်း၊ အလားတူ မွတ်စလင်ထောင်ပေါင်းများစွာသည်လည်း တစ်ဖက်အိမ်နီးချင်းနိုင်ငံသို့ ထွက်ပြေးခဲ့ရကြောင်း၊ ယင်းပဋိပက္ခသည် မွတ်စလင် အသိုက်အဝန်းတစ်ခုတည်းကိုသာ ထိခိုက်ခြင်းမဟုတ်သည်ကို သဘောပေါက်ကြရန် လိုအပ်ကြောင်း၊ လူ့အခွင့်အရေးဆိုပါက အသိုက်အဝန်းနှစ်ခုလုံး၏ လူ့အခွင့်အရေးကိုကြည့်ရန် လိုအပ်ကြောင်း၊ ထို့ပြင် FFM အနေဖြင့် အာဆာ၏ ရက်စက်ကြမ်းကြုတ်မှုများအား ပေါ်ပေါ်တင်တင် ထည့်သွင်းမစဉ်းစားသည်မှာ အံ့သြမိပါကြောင်း၊ မွတ်စလင်အကြမ်းဖက်သမားများကို အကာအကွယ်ပေးသည့် သဘောပင်​ဆောင်နေကြောင်း ရှင်းလင်းပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်မှုအရ သိရသည်။

ထို့ပြင် ရခိုင်ပြည်နယ်နှင့် အခြားမည်သည့်ဒေသ၌မဆို ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ခံမှုရှိစေရန် အစိုးရအနေဖြင့် သန္နိဋ္ဌာန်ချထားကြောင်းကို ထပ်လောင်းပြောကြားခဲ့ပြီး၊ လုံလောက်သည့် သက်သေအထောက်အထားရှိပါက ကျူးလွန်သူများကို အရေးယူမည်ဖြစ်ကြောင်း၊ မြန်မာအစိုးရအနေဖြင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကို မကြာမီက ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ ကော်မရှင်သည် သီးခြားလွတ်လပ်မှု၊ ဘက်မလိုက်မှုနှင့် တိကျမှန်ကန်မှု ‘မူ’ များပေါ်တွင် ယင်း၏ လုပ်ငန်းများကို ထမ်းဆောင်မည်ဖြစ်ကြောင်း၊ ယင်းကော်မရှင်အနေဖြင့် အစီရင်ခံစာကို တစ်နှစ်အတွင်း တင်သွင်းရမည်ဖြစ်ကြောင်း၊ အမှန်အားဖြင့် အင်းဒင်ဖြစ်စဉ်ပေါ်ပေါက်ခဲ့မှုတွင်လည်း လုပ်ထုံးလုပ်နည်းနှင့် စည်းကမ်းများကို ဖောက်ဖျက်လျက် ကျူးလွန်ခဲ့သည့် တပ်မတော်နှင့် ရဲဝန်ထမ်းများ အရပ်သားများကို ဥပဒေကြောင်းအရ အရေးယူထားပြီးဖြစ်ကြောင်း အမြဲတမ်းကိုယ်စားလှယ်က ရှင်းလင်း ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်မှုတွင် ဖော်ပြသည်။

အပြည်ပြည်ဆိုင်ရာပြစ်မှုဆိုင်ရာ တရားရုံး၏ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၆ ရက်တွင် ချမှတ်ခဲ့သည့် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်ကို မြန်မာအစိုးရက ပြတ်သားစွာ ပယ်ချခဲ့ကြောင်း၊ ရောမသဘောတူစာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးထားခြင်းမရှိသည့်အတွက် ယင်းတရားရုံး အနေနှင့် မြန်မာနိုင်ငံအပေါ် မည်သို့မျှ တရားစီရင်ပိုင်ခွင့်မရှိကြောင်း၊ ယင်းဆုံးဖြတ်ချက်နှင့် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပုံနည်းလမ်းတို့သည် အစဉ်အလာ ကျင့်ထုံးတစ်ရပ် ဖြစ်သွားနိုင်ပြီး နိုင်ငံအားလုံး၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အတိအလင်း သတိပေးချက်တစ်ခုဖြစ်ကြောင်းကိုလည်း သံအမတ်ကြီးက ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက် တိုက်ဖျက်မှုများမှာ ‘လူမျိုးသုဉ်းသတ်ဖြတ်ရန် ရည်ရွယ်သည်’ ဟု ကောက်ချက်ချသည့်အပေါ် မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ပြတ်သားစွာ ကန့်ကွက်ကြောင်း၊ ဥပဒေကြောင်းအရ အထောက်အထားမရှိသည့် သက်သေမပြနိုင်သည့် အခြေအနေများကို မူတည်၍ ကောက်ချက်ချထားခြင်းဖြစ်ကြောင်း၊ အခြားအပြုသဘောဆောင်သည့် ဖြစ်ပေါ်တိုးတက်မှုများကို ထည့်သွင်းမစဉ်းစားဘဲ တာဝန်ခံမှုကိုသာ ရှေ့တန်းတင်နေခြင်းသည် အန္တရာယ်ရှိသည့် ကြိုးပမ်းမှုဖြစ်ပြီး အရှုံးနှင့်သာ ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ FFM နှင့် အထူးအစီရင်ခံစာ တင်သွင်းသူတို့၏ အစီရင်ခံစာများသည် ရခိုင်ပြည်နယ်၌ ငြိမ်းချမ်းရေး၊ သဟဇာတနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အထောက်အကူ မဖြစ်ကြောင်းလည်း သံအမတ်ကြီးက ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်မှုတွင် ရေးသားထားသည်။

“မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ် ပြုပြင်ပြောင်းလဲရေးတွင် စိတ်ရှည်မှုသည် လမ်းကြောင်းသွေဖည်ရန် နည်းလမ်းရှာနေသူများ အတွက်သာ အကူအညီပေးနိုင်လိမ့်မည်” ဟူသော မစ္စတာ မာဇူကီးဒါရုစ်မန်၏ လွဲမှားစွာ ပြောကြားချက်ကို အမြဲတမ်းကိုယ်စားလှယ်က ထောက်ပြလျက်၊ ယင်းအချက်၏ ဆန့်ကျင်ဘက်သည်သာ မိမိတို့အတွက် မှန်ကန်ကြောင်း၊ ဒီမိုကရေစီကို တော်လှန်ရေးတစ်ရပ်ဖြင့် တည်ဆောက်နေခြင်းမဟုတ်ကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် သဘောတူညီမှု ရရှိရေးမှတစ်ဆင့် ငြိမ်းချမ်းသည့်နည်းလမ်းကို ရွေးချယ်ခဲ့ပြီး၊ ကြီးမားသည့် စိတ်ရှည်မှုနှင့် နိုင်ငံရေး အမြော်အမြင်ရှိမှု လိုအပ်ကြောင်း၊ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်ကလည်း စိတ်ရှည်မှုနှင့် ယုံကြည်မှု တည်ဆောက်ရေးမြှင့်တင်ရန် အလေးထား ပြောကြားခဲ့ရာ မိမိတို့အနေဖြင့် ၎င်း၏ပြောကြားမှုကို အပြည့်အဝ သဘောတူညီကြောင်းနှင့် ယင်းသည် စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်ကြောင်း စသည်ဖြင့် ရှင်းလင်း တုံ့ပြန်ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့ပြင် မြန်မာနိုင်ငံ ဒီမိုကရေစီအသွင် ကူးပြောင်းရေး၏ အဓိကခွန်အားမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဦးဆောင်မှုအောက်တွင် ပြည်သူများ၏ စည်းလုံးမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် တက်ကြွစွာ ပါဝင်မှုတို့ဖြစ်ကြောင်း၊ ပြည်သူများ လိုလားတောင့်တသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို တည်ထောင်ရန် သန္နိဋ္ဌာန်ချထားပြီး နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် နားလည်မှုနှင့် အပြန်အလှန် လေးစားမှုကို အခြေခံ၍ အပြုသဘောဆောင်စွာ ကူညီနိုင်ကြောင်း အမြဲတမ်းကိုယ်စားလှယ်က ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုတွင် ပါရှိသည်။

Most Read

Most Recent