ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် RCSS/SSA နှင့် TNLA၊ SSPP/SSA ပူးပေါင်းအဖွဲ့တို့အကြား နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး နမ္မတူတွင် စစ်ဘေးတိမ်းရှောင်မှုများရှိလာ

ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် RCSS/SSA နှင့် TNLA၊ SSPP/SSA ပူးပေါင်းအဖွဲ့တို့အကြား နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး နမ္မတူတွင် စစ်ဘေးတိမ်းရှောင်မှုများရှိလာ
Published 24 October 2018
 မင်းနိုင်စိုး

ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တောင်ပိုင်း လက်နက်ကိုင်အဖွဲ့ (RCSS/SSA) နှင့် တအန်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ (SSPP/SSA) ပူးပေါင်းအဖွဲ့တို့အကြား အောက်တိုဘာ ၂၃ ရက်မှ အောက်တိုဘာ ၂၄ ရက်အထိ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နမ္မတူမြို့နယ်ဘက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူများရှိကြောင်း သိရသည်။

အောက်တိုဘာ ၂၄ ရက် သီတင်းကျွတ်လပြည့်နေ့ နမ္မတူမြို့နယ် မိုင်းရင်တွင် စတင်ဖြစ်ပွားခဲ့သည့် RCSS/SSA နှင့် TNLA၊ SSPP/SSA ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲများကြောင့် ရွာအများအပြား စစ်ဘေးတိမ်းရှောင်ခဲ့ကြရပြီး မွန်းလွဲပိုင်းတွင် နမ္မတူမြို့နယ် ရွှေမြင်သာကျောင်းတွင် လူဦးရေ ၁၅၀ ခန့်၊ မန်စံတွင် လူဦးရေ ၅၀ ခန့် စစ်ဘေးတိမ်းရှောင်ခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။

အောက်တိုဘာ ၂၄ ရက် နံနက် ၃ နာရီ ခန့်က နမ္မတူမြို့နယ်ထဲ၌ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မွန်းလွဲ ၁ နာရီခန့်တွင် တိုက်ပွဲ၏အရှိန်မှာ ကုံးပေါင်းရွာအထိ ပျံ့နှံ့လာသည့်အတွက် လားရှိုး၊ အီနိုင်း၊ မိုင်းရင်လမ်းကြောင်းမှာ ပိတ်မိသည့် အနေအထားဖြစ်ခဲ့ပြီး ခိုခမ်း၊ ကောင်းကဲ၊ နမ်တီး၊ ခိုင်းမွမ်နှင့် မိုင်းရင်ရွာမကြီးတွင် စစ်ဘေးရှောင်များ ရှိနေခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်တွင်လည်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တောင်ပိုင်းလက်နက်ကိုင်အဖွဲ့ (RCSS/SSA) နှင့် တအန်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ (SSPP/SSA) ပူးပေါင်းအဖွဲ့တို့အကြား အောက်တိုဘာ ၂၃ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

တအန်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ (SSPP/SSA) ပူးပေါင်းအဖွဲ့တို့ ပူးတွဲလှုပ်ရှားရာနယ်မြေဖြစ်သည့် သီပေါမြို့နယ်၊ လွယ်လမ်းတောင်အနီးသို့ RCSS/SSA တပ်ဖွဲ့က ထိုးစစ်ဆင်လာမှုကြောင့် အောက်တိုဘာ ၂၃ ရက် ညနေ ၃ နာရီ ၅ မိနစ်မှ ညနေ ၅ နာရီ ၃၀ မိနစ်အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တောင်ပိုင်းလက်နက်ကိုင်အဖွဲ့ (RCSS/SSA) နှင့် တအန်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ (SSPP/SSA) ပူးပေါင်းအဖွဲ့တို့အကြား လွန်ခဲ့သည့် စက်တင်ဘာ ၂၁ ရက်တွင် နမ္မတူမြို့နယ်ထဲ၌ နောက်ဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်း RCSS တပ်ဖွဲ့မှ ထိုးစစ်ဆင်လာသည့်အတွက် တိုက်ပွဲပြန်လည်ဖြစ်ပွားရခြင်း ဖြစ်သည်ဟု TNLA သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို သဘောတူလက်မှတ် ရေးထိုးထားပြီး နိုင်ငံရေး၊ လက်နက်အင်အား၊ လူအင်အားတည်ဆောက်မှု၊ သတ်မှတ်ပေးထားသော နယ်မြေထက် အဆပေါင်းများစွာ ကျော်လွန်ပြီး နယ်မြေတည်ဆောက်မှုများ ပြုလုပ်နေသည့်အတွက် အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပဋိပက္ခဖြစ်ပွားလျက် ရှိနေသည်ကို တွေ့ရသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သော အစိုးရနှင့် NCA-S EAO ထိပ်သီးခေါင်းဆောင်များ သီးသန့်အစည်းအဝေး အဖွင့်အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

ထို့ကြောင့် NCA ကို တလွဲအသုံးမချရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သတိပေးပြောကြားခဲ့ပြီး တလွဲအသုံးချပါက တိုင်းရင်းသားပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို အကာအကွယ်ပေးရန် တာဝန်ရှိသော တပ်မတော်အနေဖြင့် လက်ပိုက်ကြည့်နေနိုင်မည် မဟုတ်ကြောင်းလည်း ၎င်းက အဆိုပါ အစည်းအဝေးတွင် အသိပေး ပြောကြားခဲ့သည်။

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်များ လှုပ်ရှားသွားလာခွင့်ပြုထားသော နေရာအတော်များများတွင် ပစ်ခတ်တိုက်ခိုက်မှု မရှိသည်ကို တွေ့ရပြီး ထိုသို့ ပစ်ခတ်တိုက်ခိုက်မှု မရှိခြင်းသည် နှစ်ဖက်တာဝန်ရှိသူများက ထိန်းသိမ်းလိုက်နာကြခြင်းကြောင့် ဖြစ်ကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

သို့သော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆိုပါပြောကြားချက်နှင့် ပတ်သက်၍ RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ငြင်းပယ်ထားပြီး ရှမ်းပြည်နယ်အတွင်း လက်ရှိတိုက်ပွဲဖြစ်ပွားရာ ဒေသများသည် ၎င်းတို့အဖွဲ့ ယခင်ကတည်းကပင် လှုပ်ရှားသွားလာနေသော ဒေသများဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးယွက်စစ်က တုံ့ပြန် ပြောကြားထားသည်။                      

Most Read

Most Recent