မောင်တောနယ်စပ်မှ ဒေသခံပြည်သူများ၏ အဓိက လိုအပ်ချက်သည် လုံခြုံရေးဖြစ်ပြီး တောင်းဆိုချက်အတိုင်း ဆောင်ရွက်ပေးနေကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ပြောကြား

မောင်တောနယ်စပ်မှ ဒေသခံပြည်သူများ၏ အဓိက လိုအပ်ချက်သည် လုံခြုံရေးဖြစ်ပြီး တောင်းဆိုချက်အတိုင်း ဆောင်ရွက်ပေးနေကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ပြောကြား
Published 6 August 2017

ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာသို့ ရွာလုံးကျွတ် ရွှေ့ပြောင်းလာသူများအား တွေ့ရစဉ် (ဓာတ်ပုံ-မောင်အေးတင်)

မောင်တောနယ်စပ် ဒေသခံပြည်သူများ၏ အဓိကလိုအပ်ချက်သည် လုံခြုံရေးပင်ဖြစ်ပြီး ပြည်သူများ တောင်းဆိုချက်အတိုင်း လုံခြုံရေး ဆောင်ရွက်ပေးနေကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ပြောကြားသည်။

မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့် မြိုတိုင်းရင်းသားများ အကြမ်းဖက် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ဒေသခံများ ထိတ်လန့်ကာ ကျေးရွာလုံးကျွတ် ရွှေ့ပြောင်းနေမှုများနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုအား ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက “ပြည်သူတွေ အဓိက လိုအပ်ချက်က လုံခြုံရေးပါပဲ။ အခုပြည်သူတွေက တင်ပြလာတဲ့ အပေါ်မှာပဲ ဆောင်ရွက်ပေးခဲ့ပါတယ်။ သူတို့ နေရပ်ပြန်ချင်တယ်ဆိုရင် လုံခြုံရေးတွေ ဆောင်ရွက်ပေးဖို့ ချက်ချင်းဆောင်ရွက် ပေးခဲ့ပါတယ်။ လုံခြုံရေး ဆိုတာကလည်း ပြည့်စုံတယ်လို့တော့ ဘယ်ရှိနိုင်မလဲ။ ဒါပေမဲ့ ပြည်သူတွေ လိုအပ်ချက်အပေါ်မှာ ကျွန်တော်တို့ အစိုးရဘက်က တတ်နိုင်သလောက် ဖြည့်ဆည်းပေးနေပါတယ်။ နောက် ရခိုင်ကိစ္စဟာ အင်မတန် သိမ်မွေ့နက်နဲတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ လုံခြုံရေးကို ကာကွယ်ရေးအပိုင်းနဲ့ ညှိနှိုင်းဆောင်ရွက်ပေးရတဲ့ အနေအထား ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ပြည်သူတွေလုံခြုံဖို့ တတ်နိုင်သလောက် ဆောင်ရွက်ပေးနေပါတယ်” ဟု ပြောကြားသည်။

အကြမ်းဖက်သမားများက ဒေသခံတိုင်းရင်းသားများကို ရက်ရက်စက်စက် သတ်ဖြတ်လာသည့်အခါ  အစိုးရမှာရော လွှတ်တော်မှာရော တာဝန်ရှိလာပြီး နောက်ထပ်မဖြစ်အောင် ကြိုးစားဆောင်ရွက်ပေးရမည်ဟု ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှကလည်း ပြောကြားသည်။

“အခု ကျွန်တော်တို့မျိုးနွယ်စုထဲက တစ်ချိန်တည်းမှာပဲ လူရှစ်ဦး သေဆုံးသွားတယ်။ ဒါဟာ တကယ်ကြောက်စရာ ကောင်းပါတယ်။ လုပ်တဲ့ အကြမ်းဖက်တွေကလည်း တကယ့်ကို နည်းလမ်းတကျ ဆောင်ရွက်လာတာ။ ပထမ သူတို့က လက်နက်ကိုင် အဖွဲ့အစည်းတွေ ကိုတိုက်ခိုက်တယ်။ ကျွန်တော်တို့ ပြည်သူတွေကို မလုပ်သေးဘူး။ နောက်ပိုင်းမှာ တစ်စ တစ်စ တစ်ယောက်စ၊ နှစ်ယောက်စကို လုပ်လာတယ်။ ခရုကောက်ရင်း အသတ်ခံရတယ်။ တောထဲကို တစ်ခုခုရှာဖို့သွားရင်း အသတ်ခံရတယ်။ အေးအေးဆေးဆေး ကိုယ့်လယ်ယာ ကိုယ်လုပ်နေတာကို တစ်ပြိုင်တည်း လူရှစ်ယောက် မရှုမလှ သေဆုံးသွားရတယ်။ အဲဒါတစ်ဖက်က ကြည့်လိုက်ရင် တကယ့်ကို အစီအမံနဲ့လုပ်တာ။ ဒီဒေသမှာ ဒီရွာတွေမှာ ဒီလူတွေ မနေနိုင်အောင် ခြိမ်းခြောက်တာ။ ဘာကြောင့်ခြိမ်းခြောက်လဲ။ ဒါနယ်မြေလုတာပဲ။  ကျွန်တော်တို့နယ်မြေမှာ တရားမဝင် အကြမ်းဖက်သမားတွေ လာပြီးတော့ ဒီလိုစော်ကားတာဟာ အစိုးရအနေနဲ့ရော၊ ကျွန်တော်တို့ လွှတ်တော်အနေနဲ့ရော တစ်ဖက်ကကြည့်ရင် ရင်နာစရာ၊ ရှက်စရာ ဖြစ်တယ်။ ကျွန်တော်တို့မှာလည်း တာဝန်ရှိတယ်လို့ ယူဆတယ်။ အစိုးရမှာလည်း တာဝန်ရှိတယ်။ ကျွန်တော်တို့မှာလည်း တာဝန်ရှိတယ်။ နောက်ထပ်ဒီလို မဖြစ်အောင် ကျွန်တော်တို့အများကြီး ကြိုးစားရမယ်” ဟု ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

မောင်တောနယ်စပ်တွင် ဒေသခံတိုင်းရင်းသားများ သတ်ဖြတ်ခံရမှု ဖြစ်စဉ်များ ရှိလာနေပြီဖြစ်၍ အစိုးရ၏ လုံခြုံရေး စီမံခန့်ခွဲမှုကို ပြစ်တင်ဝေဖန်မှုများ တိုးပွားလျက်ရှိသည်။

 

Most Read

Most Recent