ကျောက်ဖြူနှင့် မူဆယ်ကို ဆက်သွယ်ထားသည့် အရှေ့မြောက်-အနောက်တောင်စင်္ကြံသစ်နှင့် မြန်မာ၊ အိန္ဒိယ၊ တရုတ်၊ ထိုင်းတို့ကို ဆက်သွယ်ထားသည့် အရှေ့-အနောက်စင်္ကြံ အပါအဝင် စီးပွားရေးစင်္ကြံလေးရပ် ဆောင်ရွက်နေ

ကျောက်ဖြူနှင့် မူဆယ်ကို ဆက်သွယ်ထားသည့် အရှေ့မြောက်-အနောက်တောင်စင်္ကြံသစ်နှင့် မြန်မာ၊ အိန္ဒိယ၊ တရုတ်၊ ထိုင်းတို့ကို ဆက်သွယ်ထားသည့် အရှေ့-အနောက်စင်္ကြံ အပါအဝင် စီးပွားရေးစင်္ကြံလေးရပ် ဆောင်ရွက်နေ
မန္တလေး-မူဆယ်လမ်းပိုင်းတွင် သွားလာနေသော ကုန်တင်ယာဉ်များအား တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
မန္တလေး-မူဆယ်လမ်းပိုင်းတွင် သွားလာနေသော ကုန်တင်ယာဉ်များအား တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
Published 24 October 2018
   နီလာ

အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအရ ဖွံ့ဖြိုးသွားရမည့် ဦးစားပေး စီးပွားရေးစင်္ကြံလေးရပ် ဖော်ထုတ်ထားရာ ကျောက်ဖြူနှင့် မူဆယ်ကို မန္တလေးမှဖြတ်၍ ဆက်သွယ်ထားသည့် အရှေ့မြောက်-အနောက်တောင် စင်္ကြံသစ်နှင့် မြန်မာနှင့် အိန္ဒိယ၊ တရုတ်နှင့် ထိုင်းတို့ကို ဆက်သွယ်ထားသည့် အရှေ့-အနောက်စင်္ကြံ အပါအဝင် ဦးစားပေး စီးပွားရေးစင်္ကြံလေးရပ်ကို ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်းတွင် ဖော်ပြထားသည်။

အမျိုးသားဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ၂၀၁၁-၂၀၃၀ (National Comprehensive Development Plan 2011-2030-NCDP) မူဘောင်တွင် ချဉ်းကပ်မှုများစွာဖြင့် ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်မှု မူဘောင်ကို ချမှတ်ထားပြီး ဖွံ့ဖြိုးသွားရမည့် ဦးစားပေး စီးပွားရေးစင်္ကြံလေးရပ် ဖော်ထုတ်ထားခြင်းဖြစ်သည်။

အဆိုပါ ဦးစားပေး စီးပွားရေးစင်္ကြံများမှာ (၁) ထိုင်းနယ်စပ်နှင့် သီလဝါအထူးစီးပွားရေးဇုန်တို့ကို ဆက်သွယ်ထားသည့် ရန်ကုန်-မြဝတီစင်္ကြံ၊ (၂) ရန်ကုန်နှင့် မြစ်ကြီးနားကို မန္တလေးမှဖြတ်၍ ဆက်သွယ်ထားသည့် ဗဟိုကျသည့် မြောက်-တောင်စင်္ကြံ၊ (၃) ကျောက်ဖြူနှင့်မူဆယ်ကို မန္တလေးမှဖြတ်၍ ဆက်သွယ်ထားသည့် မြောက်-အရှေ့-တောင်- အနောက်စင်္ကြံသစ်နှင့် (၄) မြန်မာနှင့် အိန္ဒိယ၊ တရုတ်နှင့်ထိုင်းတို့ကို ဆက်သွယ်ထားသည့် အရှေ့-အနောက်စင်္ကြံတို့ဖြစ်ကြကြောင်း သိရသည်။

ဦးစားပေး စီးပွားရေးစင်္ကြံအလိုက် လမ်းကြောင်းများမှာ  ဦးစားပေး (၁) ဖြစ်သည့် ထိုင်းနယ်စပ်နှင့် သီလဝါအထူးစီးပွားရေးဇုန်တို့ကို ဆက်သွယ်ထားသည့် ရန်ကုန်-မြဝတီစင်္ကြံတွင် သီလဝါအထူးစီးပွားရေးဇုန်-ရန်ကုန်-ပဲခူး-ဘားအံ-မြဝတီတို့သို့လည်းကောင်း၊ ဦးစားပေး (၂) ဖြစ်သည့် တောင်-မြောက်စင်္ကြံတွင် သီလဝါအထူးစီးပွားရေးဇုန်-ရန်ကုန်-ပဲခူး-တောင်ငူ-နေပြည်တော်-မိတ္ထီလာ-မန္တလေး-မြစ်ကြီးနားတို့သို့လည်းကောင်း၊ ဦးစားပေး (၃) ဖြစ်သည့် အရှေ့မြောက်-အနောက်တောင်စင်္ကြံသစ်တွင် ကျောက်ဖြူ-မကွေး-မိတ္ထီလာ-မန္တလေး -ပြင်ဦးလွင်-ကျောက်မဲ-လားရှိုး-မူဆယ်အထိလည်းကောင်း၊ ဦးစားပေး (၄) ဖြစ်သည့် အရှေ့-အနောက်စင်္ကြံတွင် တမူး-ကလေး-ပခုက္ကူ-မုံရွာ-မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်-မိုင်းလားအထိလည်းကောင်း စသည်ဖြင့် စီးပွားရေးစင်္ကြံများ ရေးဆွဲကာ အကောင်အထည် ဖော်လျက်ရှိသည်။

အလားတူ မူဆယ်-မန္တလေး ရထားလမ်းသစ် ဖောက်လုပ်ရေး စီမံကိန်းအား China Railway Group Limited (CREC) ၏ ကုန်ကျစရိတ် ကျခံမှုဖြင့် ဖြစ်မြောက်နိုင်ခြေ လေ့လာမှု ဆောင်ရွက်ရန်အတွက် အောက်တိုဘာ ၂၂ ရက်က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ China Railway Eryuan Engineering Group တို့ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ယခုဆောင်ရွက်မည့် ဖြစ်မြောက်နိုင်ခြေ လေ့လာမှုသည် တရုတ်နိုင်ငံ၏ မူဝါဒအသစ်ဖြစ်သော One Belt, One Road မဟာဗျူဟာကို အခြေခံ၍ တရုတ်ပြည်သူ့သမ္မတ နိုင်ငံနယ်စပ် Ruli East Railway

 ဘူတာမှ တစ်ဆင့် မြန်မာနိုင်ငံ မူဆယ်-လားရှိုး-ကျောက်မဲ-ပြင်ဦးလွင်တို့မှတစ်ဆင့် မန္တလေးသို့ ရောက်ရှိမည့် အရှည် ၄၃၁ ကီလိုမီတာ (မိုင် ၂၇၀) ခန့်ရှိသော ရထားလမ်းသစ် ဖောက်လုပ်ရေး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ China Railway Group Limited (CREC) ၏ ကုန်ကျစရိတ် ကျခံမှုဖြင့် ဖြစ်မြောက်နိုင်ခြေလေ့လာမှု (Feasibility Study) ဆောင်ရွက်ပေးလိုကြောင်း ၂၀၁၇ ခုနှစ် မေလအတွင်း အဆိုပြုချက်အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။          

Most Read

Most Recent