လိုပယ်တယ်ဟီအား ရာထူးမှထုတ်ပယ်ပါက ရီးယဲလ်မက်ဒရစ်အသင်း ယူရို (၁၈)သန်း ကုန်ကျမည်

လိုပယ်တယ်ဟီအား ရာထူးမှထုတ်ပယ်ပါက ရီးယဲလ်မက်ဒရစ်အသင်း ယူရို (၁၈)သန်း ကုန်ကျမည်
Published 23 October 2018

 

ရီးယဲလ်မက်ဒရစ်အသင်းသည် နည်းပြ လိုပယ်တယ်ဟီအား ရာထူးမှထုတ်ပယ်မည်ဆိုပါက ယူရို (၁၈)သန်း ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်းမှထွက်ခွာသွားသည့် ဇီဒန်းနေရာတွင် လိုပယ်တယ်ဟီကို နည်းပြသစ်အဖြစ် ပြီးခဲ့သည့် ဇွန်လက ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်သည် ဇီဒန်းထွက်ခွာသွားပြီးနောက် စပါးနည်းပြ ပိုချက်တီနို၊ ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီနှင့် လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်တို့ကို ဆက်သွယ်ခဲ့သော်လည်း အဆင်မပြေသဖြင့် လိုပယ်တယ်ဟီကို နည်းပြသစ်အဖြစ် ရွေးချယ်ခဲ့ခြင်းလည်း ဖြစ်သည်။

လိုပယ်တယ်ဟီသည် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ၂၀၂၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး တစ်နှစ်လစာ ယူရို (၆) သန်းအထိ ရရှိနေကြောင်း သိရသည်။

ထို့ကြောင့် ၎င်းအား ရာထူးမှထုတ်ပယ်မည်ဆိုပါက (၃)နှစ်စာ လစာဖြစ်သည့် ယူရို (၁၈)သန်းပေးချေရမည်ဖြစ်ရာ ယင်းအချက်က ရီးယဲလ်မက်ဒရစ်အသင်းအတွက် အခက်အခဲဖြစ်နေကြောင်း စပိန်သတင်းစာများက ဖော်ပြခဲ့ကြသည်။

လိုပယ်တယ်ဟီသည် ရီးယဲလ်မက်ဒရစ်အသင်းကို (၄)လနီးပါးကိုင်တွယ်ခဲ့ပြီးနောက် အသင်းမှ ရလဒ်များ ဆိုးရွားနေခြင်းကြောင့် အနာဂတ်လှုပ်ခတ်နေသူ ဖြစ်ပြီး အသင်းပရိသတ်များက အပြောင်းအလဲများပြုလုပ်ရန် အသင်းကို တောင်းဆိုမှုများပြုလုပ်ထားကြောင်း သိရသည်။

လိုပယ်တယ်ဟီက ၎င်းအနေဖြင့် ရီးယဲလ်မက်ဒရစ်အသင်း၏ နည်းပြရာထူးအတွက် စိတ်ပူခြင်းမရှိဟု ပြောဆိုထားသော်လည်း ၎င်း၏နေရာကို ဆက်ခံရန် ချယ်လ်ဆီးနည်းပြဟောင်း ကွန်တီက ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။