နောက်မီးအင်းချထားပေးမှုအား ဧရာဝတီတိုင်းဒေသကြီးအစိုးရက ပြန်လည်စိစစ်ပေးရန် အင်္ဂပူမြို့၌ ဒေသခံရေလုပ်သား ၈၀ ကျော် ဆန္ဒထုတ်ဖော်

နောက်မီးအင်းချထားပေးမှုအား ဧရာဝတီတိုင်းဒေသကြီးအစိုးရက ပြန်လည်စိစစ်ပေးရန် အင်္ဂပူမြို့၌ ဒေသခံရေလုပ်သား ၈၀ ကျော် ဆန္ဒထုတ်ဖော်
Published 3 November 2017

နောက်မီးအင်းချထားပေးမှုအား ပြန်လည်စိစစ်ပေးရန် ရေလုပ်သားများ အင်္ဂပူမြို့၌ ဆန္ဒထုတ်ဖော် တောင်းဆိုနေစဉ်

နောက်မီးအင်းချထားပေးမှုအား ဧရာဝတီတိုင်းဒေသကြီးအစိုးရမှ ပြန်လည်စိစစ်ပေးရန် နိုဝင်ဘာ ၂ ရက်တွင် ဒေသခံရေလုပ်သား ၈၀ ကျော် အင်္ဂပူမြို့၌ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့သည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို နံနက် ၁၀  နာရီကျော်တွင် အေးစေတီဘုရားအနီးမှ စတင်ခဲ့ပြီး အင်္ဂပူမြို့တွင်း စီတန်းလှည့်လည်ကာ မြို့နယ်ပြည်သူ့အားကစားကွင်းရှေ့၌ အဆုံးသတ်ခဲ့သည်။

“အင်းသားကြီးအဖွဲ့ရယ်၊ ရေလုပ်သား အဖွဲ့ရယ် အစုအဖွဲ့နှစ်ဖွဲ့ရှိပါတယ်။ လုပ်ပိုင်ခွင့်လျှောက်ထားတော့ အင်းသားကြီးအဖွဲ့က သာရသွားပြီး ကျွန်တော်တို့အစုအဖွဲ့က မရခဲ့ပါဘူး။ အစုအဖွဲ့အစစ်အမှန်က မရတဲ့အတွက် တင်ပြတဲ့အခါကျတော့လည်း ငါးဦးကော်မတီက အင်းသားကြီးဘက်ကနေ ဆုံးဖြတ်သွားတဲ့အတွက် ကျွန်တော်တို့အစုအဖွဲ့က နစ်နာလို့ အခုလိုဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ပါတယ်” ဟု ဆန္ဒပြပွဲဦးဆောင်သူ ဦးသောင်းဟန်က ပြောကြားသည်။

ဆန္ဒပြပွဲတွင် ရေလုပ်သားများက “တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြန်လည်စိစစ်ပေးရေး- ဒို့အရေး” ၊ “ပုံစံ (၇) ရရှိထားသည့်အဖွဲ့ နောက်မီးအင်းအား ကြမ်းခင်းဈေးဖြင့်ရရှိရေး -ဒို့အရေး၊ “နောက်မီးအင်းဂရန်ကို ရွှေကညင် မမြအဖွဲ့သို့ ချပေးရေး-ဒို့အရေး”၊ “လှဟန်နှင့် ၁၀ ဦးအဖွဲ့ဖြုတ်ချရေး-ဒို့အရေး” ၊ “ရေလုပ်သားအစု မှန်မှန်ကန်ကန်ရရှိရေး- ဒို့အရေး” ၊ “ဓာတုဆေးနှင့် ငါးဖမ်းဆီးမှုပိတ်ပင်ရေး-ဒို့အရေး” ဟု ကြွေးကြော်ခဲ့ကြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အင်္ဂပူမြို့နယ် ငါးလုပ်ငန်းဦးစီးအရာရှိ ဦးမြင့်နိုင်ဦးထံ မေးမြန်းရာ “အင်းတွေ  လုပ်ပိုင်ခွင့်ချထားပေးတဲ့ နေရာမှာ ကျွန်တော်တို့က တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ အထက်ဌာနအဆင့်ဆင့်ရဲ့ ညွှန်ကြားချက်များအရသာ ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ အခုဆန္ဒပြတဲ့ နောက်မီးအင်းနဲ့ပတ်သက်လို့ နောက်ဆုံး Cabinet က ညွှန်ကြားချက်အတိုင်း ကျွန်တော်တို့ဌာနက ဆောင်ရွက်ထားခြင်း ရှိပါတယ်။ အဲဒါကတော့ ဦးလှဟန်ပါ ၂၂၂ ဦး ရေလုပ်သားအစုအဖွဲ့ကို ချထားပေးပြီးတော့ ရွှေကညင်မမြမှာရှိတဲ့ ရေလုပ်သား ၅၀ ဦးထဲက အမှန်တကယ်လုပ်ကိုင်လိုတဲ့ ရေလုပ်သားငယ်တွေပူးပေါင်း လုပ်ကိုင်မယ်ဆိုရင် ခွင့်ပြုသွားဖို့ ဦးလှဟန်ပါ အစုအဖွဲ့ကို ခံဝန်ရယူထားပြီးတော့ ချထားပေးရန် ဆိုတဲ့ညွှန်ကြားချက်အရ ကျွန်တော်တို့ဌာန အနေနဲ့ ဆောင်ရွက်ထားခြင်း ဖြစ်ပါတယ်။ ဒေသရဲ့ အခြေအနေနဲ့ အခုဖြစ်တဲ့ပြဿနာတွေကို အချိန်နဲ့တပြေးညီ အထက်ဌာနတွေကို တင်ပြသွားမှာပါ” ဟု ဖြေကြားသည်။

ယခုဆန္ဒထုတ်ဖော်မှုသည် ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်၌ အင်းကိစ္စနှင့် ပတ်သက်၍ ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်မှုလည်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent