ဘူးသီးတောင်မြို့တွင် မြို့လုံးကျွတ် ဆွမ်းတော်ကြီးလောင်းလှူပွဲနှင့် မောင်တောမြို့တွင် သမိုင်းဝင်မဟာကျန် ဗုဒ္ဓရုပ်ပွားတော်မြတ် (၁၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စတင်ကျင်းပ

ဘူးသီးတောင်မြို့တွင် မြို့လုံးကျွတ် ဆွမ်းတော်ကြီးလောင်းလှူပွဲနှင့် မောင်တောမြို့တွင် သမိုင်းဝင်မဟာကျန် ဗုဒ္ဓရုပ်ပွားတော်မြတ် (၁၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စတင်ကျင်းပ
Published 3 November 2017

ဘူးသီးတောင်မြို့တွင် ငါးကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းတော်ကြီးလောင်းပွဲကို တွေ့ရစဉ်

ဘူးသီးတောင်မြို့တွင် မြို့လုံးကျွတ် ဆွမ်းတော်ကြီးလောင်းလှူပွဲနှင့် မောင်တော မြို့တွင် သမိုင်းဝင်မဟာကျန် ဗုဒ္ဓရုပ်ပွားတော်မြတ်၏  (၁၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စတင်ကျင်းပခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့တွင် ငါးကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းတော်ကြီးလောင်းပွဲကို နိုဝင်ဘာ ၂ ရက် နံနက်က ပြုလုပ်ရာ သံဃာတော်အပါး ၁၂၀ အား ဆွမ်းဆန်စိမ်းလောင် လှူခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါဆွမ်းတော်ကြီး လောင်းလှူပွဲကို ဘူးသီးတောင်မြို့မှ တိုင်းရင်းသားများ စုပေါင်းကာ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီမနက်တော့ နှစ်စဉ်နှစ်တိုင်း ငါးကြိမ်မြောက် ဆွမ်းတော်ကြီးလောင်းလှူပွဲမှာ လူမှုရေးအဖွဲ့ဖြစ်တဲ့ နွေးထွေးသူ လူမှုကူညီရေး အဖွဲ့က ဦးဆောင်ပြီးတော့ ဆရာတော်၊ သံဃာတော်တွေ၊ မြို့မိမြို့ဖတွေနဲ့ ပူးပေါင်းပြီး အခုလို စည်စည်ကားကား လုပ်နိုင်ခဲ့ပါတယ်။ အခုက ၂၀၁၂ ခုနှစ်ကတည်းက ဒီမှာ ပျော်ပွဲရွှင်ပွဲတွေ သိပ်မရှိပါဘူး။ အထူးသဖြင့် ဒီတန်ဆောင်တိုင်တို့မှာ ပွဲမရှိတာကြာပါပြီ။ ဒါပေမဲ့ ဒီနှစ်မှာ ကျွန်တော်တို့ စည်ပင်သာယာရေးကော်မတီက ဦးဆောင်ပြီးတော့ ဒီလူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး မီးထွန်းပွဲတွေ လုပ်ပါမယ်။ တစ်မြို့လုံးနီးပါး လုပ်ပါမယ်။ ဒါပေမဲ့ အချိန်အကန့်အသတ်ရှိတဲ့ အခါကျတော့ ည ၉ နာရီ လောက်ပဲလုပ်ပါမယ်”  ဟု ဘူးသီးတောင်မြို့ စည်ပင်သာယာရေး ကောက်မတီမှ ဦးခင်မောင်ရွှေက ပြောကြားသည်။

အလားတူ မောင်တောမြို့တွင်လည်း နိုဝင်ဘာ ၂ ရက် နံနက်က သမိုင်းဝင်မဟာကျန် ဗုဒ္ဓရုပ်ပွားတော်မြတ် (၁၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စတင်ကျင်းပခဲ့ကြပြီး ပွဲတော်ရက် သုံးရက်တိုင်တိုင် အပူဇော်ခံမည်ဖြစ်ကြောင်းလည်း သိရသည်။

“ဒီကနေ့ မဟာကျန်ဘုရားကို အနေက ဇာတင်ပွဲလုပ်တယ်။ သံဃာတော်ကိုးပါးနဲ့ မြို့မိမြို့ဖတွေ တက်ရောက်ကြတယ်။ ပူဇော်ပွဲက သုံးရက်၊ မနက်ဖြန် ညနေပိုင်းမှာ ကလေးတွေ ပျော်ရွှင်ပွဲအဖြစ် စတိတ်ရှိုးပွဲရှိတယ်။ မောင်တောဒေသမှာက ဒေါသ၊ မောဟ၊ လောဘတွေနဲ့ လုံးချာလိုက်နေကြပြီးတော့ စိတ်မချမ်းမသာ ဖြစ်နေကြရတယ်။ ဒါတွေကို အခုလို ဘုရားပူဇော်ပွဲလုပ်လိုက်တော့ နည်းနည်းလောက် အပူသောကတွေ ငြိမ်းအေးသွားကြမယ်။ နောက်ပြီးရင် ပျော်ပွဲရွှင်ပွဲလုပ်လိုက်တော့ သောကတွေ နည်းနည်းလောက် သက်သာမယ်” ဟု မောင်တောမြို့ မိမြို့ဖ ဦးအောင်ကျော်ညွန့်က ပြောကြားသည်။

Most Read

Most Recent