မြန်မာနိုင်ငံ၌ ချစ်ကြည်ရေးခရီး လည်ပတ်ရန်အတွက် အိန္ဒိယရေတပ်မှ စစ်ရေယာဉ်တစ်စင်းရောက်ရှိ

မြန်မာနိုင်ငံ၌ ချစ်ကြည်ရေးခရီး လည်ပတ်ရန်အတွက် အိန္ဒိယရေတပ်မှ စစ်ရေယာဉ်တစ်စင်းရောက်ရှိ
Published 3 November 2017

အိန္ဒိယရေတပ်မှ စစ်ရေယာဉ်တစ်စင်း ချစ်ကြည်ရေးခရီး ရောက်ရှိလာသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး Facebook )

မြန်မာနိုင်ငံ၌ ချစ်ကြည်ရေးခရီးလည် ပတ်ရန်အတွက် အိန္ဒိယရေတပ်မှ စစ်ရေယာဉ်တစ်စင်း နိုဝင်ဘာ ၁ ရက် မွန်းလွဲပိုင်းက ရောက်ရှိလာကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ စစ်ရေယာဉ် INS KIRPAN (P – 44) အား အိန္ဒိယရေတပ်မှ စစ်ရေယာဉ်မှူး CDR PRADEEP RAMAN ဦးဆောင်ပြီး ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းရှိ MITT တံတားသို့ ရောက်ရှိလာခြင်းဖြစ်ကာ တပ်မတော် (ရေ) မှ အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံရုံးမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြကြောင်း သိရသည်။

ယင်းစစ်ရေယာဉ်တွင် စစ်ရေယာဉ်မှူးဖြစ်သူ CDR PRADEEP RAMAN  ဦးဆောင်၍ အရာရှိ၊ စစ်သည် ၂၅၅ ဦး လိုက်ပါလာပြီး မြန်မာနိုင်ငံတွင် နိုဝင်ဘာ ၃ ရက်အထိ နေထိုင်၍ အထင်ကရနေရာများသို့ လေ့လာလည်ပတ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

ထို့အတူ အိန္ဒိယရေတပ်မှ Vice Adminral Bimal K Verma , AVSM,Commander if Chief of Andaman and Nicobar Command  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ အောက်တိုဘာလကုန်ပိုင်းက မြန်မာနိုင်ငံသို့ရောက်ရှိလာပြီး အောက်တိုဘာ ၃၀  ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာ သီရိဗိမာန် ဧည့်ခန်းမဆောင်၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား တပ်မတော် (ကြည်း၊ ရေ၊ လေ) ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များစွာရှိနေသည့် အခြေအနေများ၊ ရေတပ်ဆိုင်ရာ လေ့ကျင့်ခန်းများတွင် မြန်မာ့တပ်မတော် (ရေ) နှင့် အိန္ဒိယရေတပ်တို့ ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေများ၊ စစ်ရေယာဉ်များ အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်များ လာရောက်ရေးကိစ္စရပ်များ၊ အခြားနယ်ပယ်များတွင်ပါ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

အလားတူ အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ် General Bipin Rawat သည် ၂၀၁၇ ခုနှစ် မေလအတွင်း မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်ခဲ့ပြီး နေပြည်တော်၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ကိစ္စရပ်များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ထိုစဉ်အချိန်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

အိန္ဒိယနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများကို အလေးထားကြောင်း၊ East Policy အရ မိမိနိုင်ငံ၏ အရှေ့ဘက်တွင် ကပ်လျက်ရှိသည့် မြန်မာနိုင်ငံကို ဦးစားပေးလာရောက်ခြင်းဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံများအကြား တည်ငြိမ်အေးချမ်းမှုရှိရေး ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံတွင်  ပြည်တွင်းငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေသည်များကိုလည်း သိရှိကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမည်ဖြစ်ကြောင်း ထိုစဉ်အချိန်ကတွေ့ဆုံမှု၌ အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ်က ပြောကြားသည်။

Most Read

Most Recent