မောင်တောမြို့နယ် အလယ်သံကျော် ကျေးရွာရှိ ယာယီစခန်း၌ နေထိုင်သူများကို ကွင်းဆင်းကုသမှုအရ ကူးစက်ရောဂါများ ကပ်အသွင်ဖြစ်ပွားခြင်း မရှိကြောင်း အစိုးရ ထုတ်ပြန်

မောင်တောမြို့နယ် အလယ်သံကျော် ကျေးရွာရှိ ယာယီစခန်း၌ နေထိုင်သူများကို ကွင်းဆင်းကုသမှုအရ ကူးစက်ရောဂါများ ကပ်အသွင်ဖြစ်ပွားခြင်း မရှိကြောင်း အစိုးရ ထုတ်ပြန်
Published 3 November 2017

မောင်တောမြို့နယ် အလယ်သံကျော်ကျေးရွာတွင် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့် ကျန်းမာရေး ဝန်ထမ်းများအား တွေ့ရစဉ်

မောင်တောမြို့နယ် အလယ်သံကျော် ကျေးရွာရှိ ယာယီကယ်ဆယ်ရေးစခန်း၌ နေထိုင်သူများကို ကွင်းဆင်းကုသမှုအရ ကူးစက်ရောဂါများ ကပ်အသွင်ဖြစ်ပွားခြင်း မရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည်။

မောင်တောမြို့နယ် အလယ်သံကျော် ကျေးရွာရှိ ယာယီကယ်ဆယ်ရေးစခန်း၌ နေထိုင်သူများတွင် ကူးစက်ရောဂါများ ကပ်အသွင် ဖြစ်ပွားနေကြောင်း သတင်းများ ပျံ့နှံ့နေသဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကွင်းဆင်းဆေးကုသရေးအဖွဲ့က လိုအပ်သော ဆေးကုသမှုများ လုပ်ဆောင်ပေးခဲ့ရာ ကွင်းဆင်းကုသမှု အခြေအနေအရ ကူးစက်ရောဂါများ ကပ်အသွင် ဖြစ်ပွားနေခြင်း မရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

အောက်တိုဘာ ၃၀ ရက်က တစ်ဖက်နိုင်ငံသို့ ရွှေ့ပြောင်းရန် မောင်တောမြို့နယ်၊ အလယ်သံကျော် ကမ်းခြေ၌ စုရုံးရောက်ရှိနေသော ဘင်္ဂါလီလူမျိုး ၂၀၀၀ ခန့်အား ထိခိုက်ဒဏ်ရာနှင့် အရိုးအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာအောင်သိန်းဌေးနှင့် ဘူးသီးတောင်မြို့နယ် ဆရာဝန်ကြီး ဒေါက်တာသန်းထွန်းကျော်တို့ ဦးဆောင်သော ကွင်းဆင်းဆေးကုသရေး အဖွဲ့က အလယ်သံကျော် တိုက်နယ်ဆရာဝန်၊ ဒေသခံ ကျန်းမာရေး ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းနှင့် ကွင်းဆင်းဆေးအဖွဲ့သည် အမျိုးသားလူနာ ၃၄ ဦး၊ အမျိုးသမီးလူနာ ၉၂ ဦးနှင့် အသက် ငါးနှစ်အောက် ကလေးလူနာ ၂၀ ဦး၊ စုစုပေါင်း လူနာ ၁၄၆ ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းဆေးကုအဖွဲ့သည် အလယ်သံကျော်ကျေးရွာရှိ အဆိုပါ ယာယီကယ်ဆယ်ရေးစခန်းတွင် သာမန်ဝမ်းပျက်ဝမ်းလျှောလူနာ နှစ်ဦး၊ ဝမ်းကိုက်လူနာ သုံးဦး၊ သာမန် နှာစေးဖျားနာလူနာ ၁၃ ဦး၊ အရေပြားရောဂါ လူနာ ၁၀ ဦး၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ လူနာ ငါးဦးနှင့် အခြား(အစားအသောက်ပျက်၊ အားနည်း၊ ခေါင်းကိုက်၊ ကိုယ်လက်နာကျင်) လူနာ ၁၁၃ ဦးအား လိုအပ်သော ဆေးကုသမှုများ ဆောင်ရွက်ခဲ့ပြီး သတင်းပျံ့နှံ့လျက်ရှိသော ဝမ်းပျက်ဝမ်းလျှောရောဂါ အပါအဝင် ကူးစက်ရောဂါများ ကပ်အသွင် ဖြစ်ပွားနေခြင်း မရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နှင့် စစ်တွေမြို့နယ်များ အတွင်းရှိ ကယ်ဆယ်ရေး စခန်းများနှင့် ရပ်ကွက်/ကျေးရွာများအတွင်းသို့ ရွေ့လျားဆေးအဖွဲ့များမှ ပုံမှန်သွားရောက်ကာ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ရွေ့လျားဆေးအဖွဲ့များအတွက် လိုအပ်သော အရေးပေါ်ဆေးဝါးများအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်း၍ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ယူနီဆက်ဖ်အဖွဲ့က ထောက်ပံ့ပေးသော ဆေးဝါးများဖြင့် အဆိုပါ စခန်းတွင် နေထိုင်သူများကို အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည်။

Most Read

Most Recent