လက်ရှိဘဏ္ဍာနှစ် ခုနစ်လနီးပါးကာလအတွင်း ပြည်ပသို့ ရော်ဘာတင်ပို့မှု ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ ၂၆ သန်းကျော်ပိုမိုရရှိ

လက်ရှိဘဏ္ဍာနှစ် ခုနစ်လနီးပါးကာလအတွင်း ပြည်ပသို့ ရော်ဘာတင်ပို့မှု ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ ၂၆ သန်းကျော်ပိုမိုရရှိ
Published 3 November 2017

မွန်ပြည်နယ်အတွင်းရှိ ရော်ဘာလုပ်ငန်းခွင်တစ်ခုအား တွေ့ရစဉ်

မြန်မာနိုင်ငံအနေဖြင့် ယခုဘဏ္ဍာနှစ် ခုနစ်လနီးပါးကာလအတွင်း ပြည်ပသို့ ရော်ဘာတင်ပို့မှုမှ ရရှိသည့်ဝင်ငွေသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၂၆ သန်းကျော်အထိ ပိုမိုတိုးတက်ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အောက်တိုဘာ ၂၀ ရက်အထိ ပြည်ပသို့ ရော်ဘာတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၂ ဒသမ ၂၈၈ သန်းသာရရှိခဲ့သော်လည်း ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကာလတူတွင် အမေရိကန် ဒေါ်လာ ၈၈ ဒသမ ၈၄၆ သန်းအထိ ရရှိခဲ့သည့်အတွက် ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကာလတူ ထက် ၂၆ ဒသမ ၅၅၈ သန်းပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံမှထွက်ရှိသည့် ရော်ဘာ စုစုပေါင်း၏ ရာခိုင်နှုန်း ၉၀ ကျော်ကို ပြည်ပသို့တင်ပို့နေခြင်းဖြစ်ပြီး ကျန်ရှိသည့် ရှစ်ရာခိုင်နှုန်းခန့်ကိုသာ ပြည်တွင်း၌ အသုံးပြုလျက် ရှိကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ် လုပ်သူများအသင်းမှ သိရသည်။

ပြည်တွင်း၌ တစ်နှစ်လျှင် ရော်ဘာတန်ချိန် စုစုပေါင်း နှစ်သိန်းခန့်ထွက်ရှိပြီး ရှစ်သောင်းခန့်ကိုသာ တရားဝင်လမ်းကြောင်းမှ တင်ပို့ခြင်းဖြစ်ကြောင်း၊ ကျန်ရှိသည့် ရော်ဘာများကိုမူ တရားမဝင်လမ်းကြောင်းမှ တစ်ဆင့် တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရော်ဘာကို တရုတ်နိုင်ငံအပြင် ဒေသတွင်းနိုင်ငံများ၌ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှားနိုင်ငံများသို့  တင်ပို့လျက်ရှိပြီး ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ အိန္ဒိယ စသည့်နိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် ရော်ဘာတင်ပို့သည့် နိုင်ငံပေါင်း ၉၀ အနက် အာရှနိုင်ငံများမှ တင်ပို့မှုသည် ရာခိုင်နှုန်း ၈၀ ခန့်ရှိပြီး အာဖရိက ရော်ဘာတင်ပို့သူများမှ ၈ ဒသမ ၅ ရာခိုင်နှုန်းခန့် တင်ပို့ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ဈေးကွက်တွင် ၁ ဒသမ ၆ ရာခိုင်နှုန်း သာ တင်ပို့နိုင်သေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ၏ ရော်ဘာတင်ပို့မှုအနေဖြင့် ရော်ဘာတင်ပို့မှု၏ ၇၅ ရာခိုင်နှုန်းသည် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းတို့မှဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွင်း နိုင်ငံပေါင်း ခြောက်နိုင်ငံသို့ ရော်ဘာအများဆုံး တင်ပို့လျက်ရှိပြီး အများဆုံးတင်ပို့လျက်ရှိသည့် နိုင်ငံသုံးနိုင်ငံမှာ တရုတ်၊ မလေးရှားနှင့် ဂျပန်နိုင်ငံတို့ဖြစ် ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent