လွှတ်တော်အသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၄၁ ဦး အစားထိုးပြောင်းလဲ

လွှတ်တော်အသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၄၁ ဦး အစားထိုးပြောင်းလဲ
Published 1 November 2017

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၄၁ ဦးအား အစားထိုးပြောင်းလဲကြောင်း အောက်တိုဘာ ၃၀ ရက် ရက်စွဲဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။

ထိုသို့အစားထိုးပြောင်းလဲရာတွင် ပြည်သူ့လွှတ်တော်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ငါးဦးဖြစ်ပြီး ဒုတိယဗိုလ်မှူးကြီးတစ်ဦးနှင့် ဗိုလ်မှူးလေးဦးပါဝင်ကာ ၎င်းတို့ရာထူးနှင့် အဆင့်တူများဖြင့် အစားထိုးပြောင်းလဲခြင်းဖြစ်သည်။

ထို့ပြင် အမျိုးသားလွှတ်တော်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦးဖြစ်ပြီး ဗိုလ်မှူးချုပ်တစ်ဦး၊ ဗိုလ်မှူးကြီးတစ်ဦး၊ ဒုတိယဗိုလ်မှူးကြီးတစ်ဦး၊ ဗိုလ်မှူးသုံးဦးပါဝင်ကာ ဗိုလ်မှူးချုပ်နေရာတွင် ဒုတိယဗိုလ်မှူးကြီးဖြင့် အစားထိုးပြောင်းလဲခြင်းမှလွဲ၍ ကျန်တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့နှင့်အဆင့်တူများဖြင့် အစားထိုးပြောင်းလဲခြင်းဖြစ်သည်။

ထို့အတူ ပြည်နယ်လွှတ်တော် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစားထိုးပြောင်းလဲရာတွင် ကချင်ပြည်နယ်လွှတ်တော်တွင် တစ်ဦး၊ ချင်းပြည်နယ်လွှတ်တော် တစ်ဦး၊ မွန်ပြည်နယ်လွှတ်တော်တွင် တစ်ဦး၊ ရခိုင်ပြည်နယ်လွှတ်တော်တွင် သုံးဦး၊ ရှမ်းပြည်နယ်လွှတ်တော်တွင် လေးဦး အသီးသီးအစားထိုးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် အစားထိုးပြောင်းလဲလိုက်သည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်မှာ ဗိုလ်မှူးချုပ် သိန်းနိုင်တစ်ဦးတည်းသာဖြစ်ပြီး ၎င်းအစား ဗိုလ်မှူးကျော်ကျော်ဝိုင်းဖြင့် အစားထိုးခဲ့ခြင်းဖြစ်ကာ ယခုအစားထိုးပြောင်းလဲခဲ့သော ဗိုလ်မှူးချုပ်သိန်းနိုင်သည် တပ်မတော် (လေ) မှဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ (ငြိမ်း) ၏ သမက်တော်စပ်သူတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။

အလားတူ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအား စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်တွင် နှစ်ဦး၊ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်တွင် သုံးဦး၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်တွင် ခြောက်ဦး၊ မကွေးတိုင်းဒေသကြီး လွှတ်တော်တွင် နှစ်ဦး၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် သုံးဦး၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တွင် သုံးဦး အသီးသီးအစားထိုးပြောင်းလဲခဲ့သည်။

Most Read

Most Recent