အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ လေယာဉ်မတော်တဆထိခိုက်မှု စုံစမ်းစစ်ဆေးရေးအာဏာပိုင် အဖွဲ့အစည်း အကြီးအကဲများနှင့် တရုတ်နိုင်ငံ မြို့ပြလေကြောင်း အုပ်ချုပ်ရေးအဖွဲ့တို့အကြား လေယာဉ်မတော်တဆထိခိုက်မှု စုံစမ်းစစ်ဆေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် နားလည်မှုစာချွန်လွှာတွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးရန် လွှတ်တော်သို့ တင်ပြ

အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ လေယာဉ်မတော်တဆထိခိုက်မှု စုံစမ်းစစ်ဆေးရေးအာဏာပိုင် အဖွဲ့အစည်း အကြီးအကဲများနှင့် တရုတ်နိုင်ငံ မြို့ပြလေကြောင်း အုပ်ချုပ်ရေးအဖွဲ့တို့အကြား လေယာဉ်မတော်တဆထိခိုက်မှု စုံစမ်းစစ်ဆေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် နားလည်မှုစာချွန်လွှာတွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးရန် လွှတ်တော်သို့ တင်ပြ
Published 1 November 2017

အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ လေယာဉ်မတော်တဆထိခိုက်မှု စုံစမ်းစစ်ဆေးရေး အာဏာပိုင်အဖွဲ့အစည်း အကြီးအကဲများနှင့် တရုတ်နိုင်ငံ မြို့ပြလေကြောင်းအုပ်ချုပ်ရေးအဖွဲ့တို့အကြား လေယာဉ်မတော်တဆထိခိုက်မှု စုံစမ်းစစ်ဆေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် နားလည်မှုစာချွန်လွှာတွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ လေယာဉ်မတော်တဆထိခိုက်မှု စုံစမ်းစစ်ဆေးရေး အာဏာပိုင်အဖွဲ့အစည်း အကြီးအကဲများနှင့် တရုတ်နိုင်ငံ မြို့ပြလေကြောင်း အုပ်ချုပ်ရေးအဖွဲ့တို့အကြား လေယာဉ်မတော်တဆထိခိုက်မှု စုံစမ်းစစ်ဆေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် နားလည်မှုစာချွန်လွှာတွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးရန်ကိစ္စနှင့် ပတ်သက်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက အောက်တိုဘာ ၃၁ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ရှင်းလင်းတင်ပြခဲ့သည်။

“ဒီနားလည်မှုစာချွန်လွှာဟာ မြန်မာနိုင်ငံအပါအဝင် အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ် (ICAO) အဖွဲ့ဝင်နိုင်ငံများ လိုက်နာရသည့် အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းကွန်ဗင်းရှင်း၏ နောက်ဆက်တွဲ (၁၃) တွင် လေယာဉ်မတော်တဆထိခိုက်မှု စုံစမ်းစစ်ဆေးခြင်းပါ နိုင်ငံတကာစံချိန်စံညွှန်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လေယာဉ်မတော်တဆထိခိုက်မှု စုံစမ်းစစ်ဆေးရေးကိစ္စများမှာ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ချုပ်ဆိုတဲ့ နားလည်မှုစာချွန်လွှာ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောကြားသည်။

နားလည်မှုစာချွန်လွှာတွင် အဓိကအားဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား လေယာဉ်မတော်တဆထိခိုက်မှုနှင့် ဖြစ်ပွားမှုစုံစမ်းစစ်ဆေးရေးနှင့် သက်ဆိုင်သည့် အကူအညီ၊ အထောက်အကူပစ္စည်းနှင့် ကိရိယာတန်ဆာပလာများ ပေးအပ်ခြင်း၊ သင်တန်းများ တက်ရောက်ခွင့်ပြုခြင်း၊ သက်ဆိုင်မှုအပေါ်မူတည်၍ စုံစမ်းစစ်ဆေးမှုတွင် လေ့လာသူအဖြစ် ပါဝင်ခွင့်ပြုခြင်း၊ လေ့လာရေးခရီးစဉ်နှင့် အစည်းအဝေးများပြုလုပ်ခြင်း၊ သတင်းအချက်အလက်နှင့် ကျွမ်းကျင်မှုဖလှယ်ခြင်းတို့တွင် ပူးပေါင်းဆောင်ရွက်ကြရန် ပြဋ္ဌာန်းပါဝင်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

ြ့မန်မာနိုင်ငံအနေဖြင့် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးရခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ ဒုတိယဝန်ကြီး ဦးကျော်မျိုးက အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့် အာဆီယံ၏ဒေသတွင်း လေကြောင်းပို့ဆောင်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွင် တက်ကြွစွာပါဝင်ကြရန် ပေါ်လွင်စေရန်၊ မြန်မာနိုင်ငံကအဖွဲ့ဝင်သည့် ICAO က ပြဋ္ဌာန်းထားသည့် လေကြောင်းကဏ္ဍ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ နိုင်ငံတကာစံချိန်စံညွှန်းနှင့် လုပ်ထုံးလုပ်နည်းများကို အလေးထား၍ လိုက်နာကျင့်သုံးကြပြီး ပြသနိုင်စေရန်၊ လေယာဉ်မတော်တဆထိခိုက်မှု စုံစမ်းစစ်ဆေးခြင်းများအတွက် လိုအပ်သည့်အထောက်အကူပစ္စည်း၊ ကိရိယာ၊ နည်းပညာနှင့် ကျွမ်းကျင်မှုအကူအညီများ ရရှိနိုင်စေရန်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် အဆိုပါနားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခြင်းဖြင့် မြန်မာနိုင်ငံ၏လေပိုင်နက်တွင် ဖြတ်ကျော်ပျံသန်းနေသော အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံတွင် မှတ်ပုံတင်ထားသည့် လေယာဉ်များ မတော်တဆထိခိုက်မှုဖြစ်ပွားခဲ့ပါက ၎င်းတို့၏ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များနှင့် လွယ်လင့်တကူ ဆက်သွယ်နိုင်ကာ သတင်းအချက်အလက်များ ဖလှယ်နိုင်မည့်အပြင် အကူအညီနှင့် အထောက်အကူပစ္စည်းများ ရရှိနိုင်ခြင်း၊ လေယာဉ်မတော်တဆထိခိုက်မှု စုံစမ်းစစ်ဆေးရေးအတွက် အရေးပါသော Flight Recorders များကို တရုတ်နိုင်ငံ၌ အလွယ်တကူ Readout and Analysis ပြုလုပ်နိုင်ကြောင်း သိရသည်။

နားလည်မှုစာချွန်လွှာကို လက်မှတ်မရေးထိုးပါက လေယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပါက သက်ဆိုင်ရာနိုင်ငံ အထူးသဖြင့် တရုတ်နိုင်ငံမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင်လည်းကောင်း၊ သတင်းအချက်အလက် ဖလှယ်ရာတွင်လည်းကောင်း၊ ကြန့်ကြာမှုများရှိနိုင်ကြောင်း၊ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ လေ့လာရေးခရီးစဉ်များ တက်ရောက်ခွင့်ဆုံးရှုံးခြင်း၊ လေယာဉ်မတော်တဆထိခိုက်မှုများ စုံစမ်းစစ်ဆေးရာတွင် လေ့လာသူအဖြစ်ပါဝင်ရန် အခက်အခဲရှိကြောင်းတို့ကို ဒုတိယဝန်ကြီး ဦးကျော်မျိုးက ရှင်းလင်းတင်ပြသည်။

အဆိုပါနားလည်မှုစာချွန်လွှာနှင့် ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ကြေညာသည်။

Most Read

Most Recent