ခရေပန်းခူးစဉ် ပြုတ်ကျနေသော ဓာတ်ကြိုးအား ကိုင်မိရာမှ ၁၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုံး

ခရေပန်းခူးစဉ် ပြုတ်ကျနေသော ဓာတ်ကြိုးအား ကိုင်မိရာမှ ၁၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုံး
Published 31 October 2017

ခရေပန်းခူးစဉ် ခရေပင်ပေါ်သို့ ပြုတ်ကျနေသော ဓာတ်ကြိုးကိုကိုင်မိရာမှ ၁၅ နှစ် အရွယ်မိန်းကလေးငယ်တစ်ဦး ဓာတ်လိုက်သေဆုံးမှု ဒလမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း အောက်တိုဘာ ၃၀ ရက်တွင် ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၉ ရက် ညနေ ၃ နာရီခွဲခန့်က ၁၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ဓာတ်လိုက်သေဆုံးသဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ဒလမြို့နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါမိန်းကလေးငယ်မှာ ဒလမြို့နယ် ကမာကဆစ်ရပ်ကွက်ရှိ ဘုန်းတော်ကြီး ပညာသင်ကြားရေးကျောင်း၌ ကျောင်းပိတ်ရက်တွင် ကွန်ပျူတာသင်တန်း တက်ရောက်နေပြီး သင်တန်းအားလပ်ချိန်၌ ကျောင်းရှေ့ခရေပင်အောက်တွင် ခရေပန်းခူးခဲ့ကြောင်း သိရသည်။

ထိုသို့ ခရေပန်းခူးရာမှ ခရေပင်ပေါ်သို့ ဓာတ်တိုင်မှပြုတ်ကျနေသော ဓာတ်ကြိုးအားကိုင်မိခဲ့သဖြင့် ဓာတ်လိုက်ကာနောက်သို့ လဲကျသွားခဲ့ကြောင်း၊ ယင်းသို့ ဓာတ်လိုက်လဲကျသွားသည့် အမျိုးသမီးငယ်ကို ကျောင်းဆရာမတစ်ဦးက ဒလဆေးရုံသို့ တင်ပို့ခဲ့သော်လည်း လမ်း၌သေဆုံးသွားခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

အဆိုပါဓာတ်လိုက်သေဆုံးခဲ့သည့် အမျိုးသမီးငယ်၏ အလောင်းကိုစစ်ဆေးရာ ယာလက်ဖဝါးတွင် ညိုမည်းဒဏ်ရာရရှိခဲ့ကြောင်း ယင်းကြောင့် ဒလမြို့မရဲစခန်းက ၂၀/၁၇ ဖြင့် သေမှုသေခင်းဖွင့်ကာ စစ်ဆေးဆောက်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent