၂၀၁၇ ခုနှစ် မြေသိမ်းဥပဒေကြမ်းတွင် သိမ်းဆည်းခံရသူများအတွက် နစ်နာကြေး၊ ပြန်လည်ထူထောင်ရေး၊ ပြန်လည်နေရာချထားရေး ကိစ္စရပ်များ ထည့်သွင်းထား

၂၀၁၇ ခုနှစ် မြေသိမ်းဥပဒေကြမ်းတွင် သိမ်းဆည်းခံရသူများအတွက် နစ်နာကြေး၊ ပြန်လည်ထူထောင်ရေး၊ ပြန်လည်နေရာချထားရေး ကိစ္စရပ်များ ထည့်သွင်းထား
Published 31 October 2017

၂၀၁၇ ခုနှစ် မြေသိမ်းဥပဒေကြမ်းတွင် သိမ်းဆည်းခံရသူများအတွက် နစ်နာကြေး၊ ပြန်လည်ထူထောင်ရေး၊ ပြန်လည်နေရာချထားရေး ကိစ္စရပ်များကို ထည့်သွင်းထားကြောင်း အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာ ကော်မတီဥက္ကဋ္ဌ ဦးဘမျိုးသိန်းက ပြောကြားသည်။

အောက်တိုဘာ ၃၀ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် တောင်သူလယ်သမားရေးရာ ကော်မတီဥက္ကဋ္ဌ ဦးဘမျိုးသိန်းက ၂၀၁၇ ခုနှစ် မြေသိမ်းဥပဒေကြမ်းကို လွှတ်တော်သို့တင်သွင်းခဲ့ပြီး အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူခဲ့သည်။

ဦးဘမျိုးသိန်းက မြေသိမ်းသည့်ကိစ္စရပ်များကို အဆင့်ဆင့်ဆောင်ရွက်ရကြောင်း၊ ယခုဥပဒေတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌကို တာဝန်လွှဲပေးကြောင်း၊ ၎င်းတို့ထံမှတစ်ဆင့် နိုင်ငံတော်သမ္မတထံသို့ မြေသိမ်းကိစ္စအရပ်ရပ်ကို ဆောင်ရွက်ရန်ဆိုသည့် အချက်တစ်ချက်ပါဝင်ကြောင်း၊ လက်ရှိတည်ဆဲဥပဒေသည် ဗြိတိသျှလက်ထက်က ရေးဆွဲထားသည့် ဥပဒေဖြစ်ကြောင်း၊ ဗြိတိသျှခေတ်က ကုမ္ပဏီများ၊ အစိုးရအတွက် အကျိုးစီးပွားဖြစ်ရန် အဓိကရည်ရွယ်သော်လည်း လက်ရှိအချိန်တွင် အများပြည်သူအကျိုးစီးပွားအတွက် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ၏စီမံကိန်းများအတွက်လည်း မြေသိမ်းရန် လိုအပ်လာသည့်အခါတွင် တရားမျှတစွာ မြေသိမ်းရန်၊ တရားမျှတစွာဖြင့် နစ်နာသူများကို လျော်ကြေးငွေများပေးနိုင်ရန် ရည်ရွယ်သည့်အပြင် ၎င်းတို့၏ ပြန်လည်ထူထောင်ရေး၊ မြေသိမ်းခံရမှုကြောင့် နစ်နာဆုံးရှုံးမှုများ၊ မြေယာပိုင်ဆိုင်သည့် သူများအားလုံးအတွက် ပြန်လည်နေရာချထားရေး၊ ဆုံးရှုံးခဲ့သည့် လူမှုဘဝများကိုပါ ထည့်သွင်းစဉ်းစားထားကြောင်း၊ မြေသိမ်းခံရသည့် ပတ်ဝန်းကျင်တွင်ရှိသည့် အများပြည်သူ၏ လူမှုဘဝစီးပွားရေး ထိခိုက်မှု၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ရှိ မရှိကိုလည်း လေ့လာဆန်းစစ်ရန် အကြံပြုထားကြောင်း ပြောကြားသည်။

ဦးဘမျိုးသိန်းက “အခုဥပဒေကြမ်းမှာတော့ သိမ်းဆည်းခံရတဲ့သူတွေအတွက် လျော်ကြေးတွေ၊ နစ်နာကြေးတွေက အရင်တုန်းကလည်းရှိခဲ့ပြီးသား။ အခုဟာမှာက မြေယာသိမ်းဆည်းခံရတယ်။ အဲဒီမှာ မြေတင်မကဘူး။ အိုးအိမ်တွေပါ ပါသွားတာတွေရှိတယ်။ အဲဒီအတွက်လည်း ပြန်လည်ပြီးတော့ နေရာချထားပေးပြီးတော့ လုပ်ပေးဖို့ထပ်ဖြည့်ထားတယ်။ နောက်တစ်ခုက သူတို့ရဲ့ဘ၀ ပြန်လည်ထူထောင်ရေးပေါ့။ အဲဒါတွေကိုစဉ်းစားပြီး ထည့်ထားတယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျော့နည်းနိုင်သမျှ လျော့နည်းအောင် စီမံထားဖို့တွေပါ ရည်ရွယ်ထားတယ်။ မြေသိမ်းတာမှာ တွက်ချက်တဲ့နည်းတော့ ရှိပါတယ်။ စိုက်ပျိုးနေတဲ့သီးနှံအပေါ်မှာ အခြေခံပြီး တွက်ချက်တာလည်းရှိပါတယ်။ ဥပမာပေါ့ သီးနှံအတွက် လယ်နှစ်နှစ်စာပေါ့။ ဥပမာ သုံးနှစ်တို့၊ ငါးနှစ်တို့ပေါ့။ အဲဒီလိုတွက်ချက်တာရှိသလို မြေသိမ်းဆည်းခံရတဲ့အတွက် ဖယ်ရှားရမယ့် အနေအထားရှိမယ်။ ဖယ်ရှားရမယ့် အခြေအနေအတွက် နစ်နာဆုံးရှုံးမှုတွေရှိတယ်။ အဲဒီအတွက်လည်း ထည့်သွင်းစဉ်းစားတယ်။ နောက်တစ်ခုက ဖယ်ရှားလိုက်တဲ့အတွက် သူတို့ရဲ့ လူမှုစီးပွားရေးပေါ့။ သူတို့ဘဝရေရှည်မှာ စီးပွားရေးအရ ရပ်တည်နိုင်အောင် အနိမ့်ဆုံးအခြေခံထက်ပိုပြီးတော့ မနိမ့်ကျအောင် အနေအထားမျိုး ဖန်တီးပေးနိုင်ဖို့၊ စဉ်းစားပေးဖို့တွေကို ထည့်သွင်းထားပါတယ်။ ပြန်လည်ထူထောင်ရေး၊ ပြန်လည်နေရာချထားရေးပေါ့။ အဲဒီနှစ်ခုပါလာမယ်။ ပြန်လည်နေရာချထားရေးဆိုတာက လယ်သိမ်းတယ်ဆို လယ်မြေအစားထိုးပေးတာရှိချင်ရှိမယ်။ နစ်နာကြေး ပေးရင်ပေးမယ်။ တစ်ခုခုပေးမယ်ပေါ့။ ပြန်လည်ထူထောင်ရေးဆိုတာကျတော့ မြေတွေကို ဆုံးရှုံးနစ်နာသွားတဲ့သူတွေက သူတို့ဘဝတွေအတွက် ဘာတွေပေးနိုင်မလဲ၊ အခွင့်အရေးတွေ ဘာတွေရှိမလဲ။ ဘာတွေဆောင်ရွက်ပေးနိုင်မလဲဆိုတာတွေကိုပါ စဉ်းစားထည့်သွင်းထားပါတယ်။ မျှတမှုရှိအောင် စဉ်းစားထားပါတယ်” ဟုပြောကြားသည်။

၂၀၁၇ ခုနှစ် မြေသိမ်းဥပဒေကြမ်းတွင် ဤဥပဒေအရ မြေသိမ်းဆည်းခြင်းပြုရာတွင် မြေရှင်များနှင့် လျော်ကြေးငွေတောင်းဆိုခွင့်ရှိသူများ၊ သိမ်းဆည်းမြေတွင် သီးစားအဖြစ်ဖြင့်ဖြစ်စေ၊ အကျိုးတူအဖြစ်ဖြင့်ဖြစ်စေ၊ ငှားရမ်း၍ဖြစ်စေ လုပ်ကိုင်နေသူများဟု မြေတွင် အကျိုးစီးပွားသက်ဆိုင်သူများဆိုရာတွင် ပါဝင်သူများဟု သတ်မှတ်သည်ဟု ဖော်ပြထားသည်။

ထို့ပြင် ထိခိုက်နစ်နာသူမိသားစုဟုဆိုရာတွင် ယင်းတို့၏ မြေ သို့မဟုတ် အခြားမရွှေ့မပြောင်းနိုင်သော ပစ္စည်းကိုသိမ်းယူခြင်းခံရသည့် မိသားစု၊ မြေတစ်ရပ်ရပ်ကို ပိုင်ဆိုင်မှုမရှိသော်လည်း မိသားစုဝင်တစ်ဦး သို့မဟုတ် အများသည် လယ်ယာလုပ်သားအဖြစ်ဖြင့်ဖြစ်စေ၊ လက်ခစားအဖြစ်ဖြင့်ဖြစ်စေ၊ ထိခိုက်နစ်နာသည့် အရပ်ဒေသအတွင်း မြေကိုသိမ်းဆည်းခြင်း မပြုမီကာလတွင် အစဉ်အဆက်လုပ်ကိုင်ခဲ့ပြီးလျှင် မြေကိုသိမ်းဆည်းမှုကြောင့် ယင်းတို့၏ စားဝတ်နေရေးထိခိုက်မှု ဖြစ်ပွားရသည့် မိသားစု၊ သိမ်းဆည်းမြေကို အကြောင်းပြု၍ စားဝတ်နေရေး ထိခိုက်နစ်နာရသူများဟု ဖော်ပြထားသည်။

Most Read

Most Recent