ဦးသိန်းစိန်အစိုးရလက်ထက် စီးပွားရေးစီမံခန့်ခွဲခြင်း မကောင်းမွန်မှု ၁၉ ရာခိုင်နှုန်းသာရှိသော်လည်း NLD အစိုးရလက်ထက် စီးပွားရေးစီမံခန့်ခွဲခြင်း မကောင်းမွန်မှု ၅၈ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး လက်ရှိအစိုးရ စီးပွားရေးစွမ်းဆောင်မှုအပေါ် အကောင်းမြင်မှုကျဆင်းဟု MI စစ်တမ်းတွင် ဖော်ပြ

ဦးသိန်းစိန်အစိုးရလက်ထက် စီးပွားရေးစီမံခန့်ခွဲခြင်း မကောင်းမွန်မှု ၁၉ ရာခိုင်နှုန်းသာရှိသော်လည်း NLD အစိုးရလက်ထက် စီးပွားရေးစီမံခန့်ခွဲခြင်း မကောင်းမွန်မှု ၅၈ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး လက်ရှိအစိုးရ စီးပွားရေးစွမ်းဆောင်မှုအပေါ် အကောင်းမြင်မှုကျဆင်းဟု MI စစ်တမ်းတွင် ဖော်ပြ
Published 31 October 2017

Myanmar Insider ကထုတ်ပြန်သည့် သုံးလတစ်ကြိမ် စီးပွားရေးဆိုင်ရာ ယုံကြည်မှုညွှန်းကိန်းစစ်တမ်းတွင် နှိုင်းယှဉ်ဖော်ပြမှုကို တွေ့ရစဉ်

ဦးသိန်းစိန်အစိုးရလက်ထက် စီးပွားရေးစီမံခန့်ခွဲမှု ကောင်းမွန်ခြင်း ၄၆ ရာခိုင်နှုန်း၊ ပုံမှန်အခြေအနေ ၂၇ ရာခိုင်နှုန်းနှင့် စီမံခန့်ခွဲခြင်းကောင်းမွန်ခြင်းမရှိမှု ၁၉ ရာ ခိုင်နှုန်းသာရှိသော်လည်း NLD အစိုးရလက်ထက် စီးပွားရေးစီမံခန့်ခွဲခြင်း မကောင်းမွန်မှုမှာ ၅၈ ရာခိုင်နှုန်း၊ ပုံမှန်အခြေအနေဟု ထင်မြင်မှု ၂၇ ရာခိုင်နှုန်းနှင့် ကောင်းမွန်သည်ဟု ထင်မြင်မှု ၁၂ ရာခိုင်နှုန်းသာရှိနေပြီး လက်ရှိအစိုးရ၏ စီးပွားရေးစွမ်းဆောင်ရည်အပေါ် အကောင်းမြင်မှု ကျဆင်းနေကြောင်း Myanmar Insider Business ဂျာနယ်က ထုတ်ပြန်သည့် သုံးလတစ်ကြိမ် စီးပွားရေးဆိုင်ရာ ယုံကြည်မှုညွှန်းကိန်းစစ်တမ်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင် ၅၀ အထက်ကိုအခြေခံကာ စစ်တမ်းကောက်ယူထားသည့် အဆိုပါညွှန်းကိန်းတွင် ယခုသုံးလအတွင်း သုံးလတစ်ကြိမ် စီးပွားရေးညွှန်းကိန်း၌ အနုတ် ၁၄ ပြခဲ့ပြီး မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေးအခြေအနေ မကောင်းမွန်မှု ၆၃ ရာခိုင်နှုန်းအထိ ဆန္ဒပြုခဲ့ကာ အလွန်မကောင်းဟု ထင်မြင်မှု ၁၉ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ကောင်းမွန်သည်ဟု ထင်မြင်မှု ၁၉ ရာခိုင်နှုန်းသာရှိနေကြောင်း စစ်တမ်းတွင်ဖော်ပြမှုအရ သိရသည်။

နောက်လာမည့်သုံးလအတွင်း စီးပွားရေးအခြေအနေအပေါ် စစ်တမ်းကောက်ယူရာ ပိုမိုဆိုးရွားလာမည်ထင်မြင်မှု လေးရာခိုင်နှုန်း၊ အနည်းငယ်ဆိုးရွားမည် ထင်မြင်မှု ၄၆ ရာခိုင်နှုန်း၊ အနည်းငယ်ကောင်းလာမည်ဟု ထင်မြင်မှု ၃၈ ရာခိုင်နှုန်းနှင့် ပို၍ကောင်းလာမည်ဟုထင်မြင်မှု လေးရာခိုင်နှုန်း ဆန္ဒပြုခဲ့သည်ဟု စစ်တမ်းကဆိုသည်။

ထို့ပြင် နောက်လာမည့်သုံးလအတွင်း စီးပွားရေးကျဆင်းမှုပိုဆိုးမည်ဟု ထင်မြင်မှု ၆၉ ရာခိုင်နှုန်း၊ ငွေကြေးဖောင်းပွမှု ပိုဆိုးသွားမည်ဟု ထင်မြင်မှု ၇၇ ရာခိုင်နှုန်းနှင့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းသွားမည်ဟု ထင်မြင်မှု ၆၉ ရာခိုင်နှုန်းအထိရှိခဲ့ကြောင်း စစ်တမ်းက ဆိုသည်။

သို့သော် လာမည့်သုံးလအတွင်း ကုမ္ပဏီများအနေဖြင့် ဆက်လက်ရင်းနှီးမြှုပ်နှံမည်ရန် ရည်ရွယ်မှုတွင် ရင်းနှီးမြှုပ်နှံမည်ဟု ဆန္ဒပြုမှု ၃၁ ရာခိုင်နှုန်း၊ မသေချာဟုဖြေဆိုသူ ၃၈ ရာခိုင်နှုန်းနှင့် ရင်းနှီးမြှုပ်နှံခြင်းမပြုမှု ၁၉ ရာခိုင်နှုန်းနှင့် လုံးဝရင်းနှီးမြှုပ်နှံခြင်းမပြုမှု လေးရာခိုင်နှုန်းရှိကာ အများအပြားမြှုပ်နှံမည်ဟု ဖြေဆိုမှု ရှစ်ရာခိုင်နှုန်းအထိရှိခဲ့ကြောင်း စစ်တမ်းတွင် ဖော်ပြထားမှုအရ သိရသည်။

ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီတွင် ကောက်ခံခဲ့သည့် အချက်အလက်များအရ မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်မှာ အကောင်းဘက်တွင် ရှိနေသည်ဟု ဖြေဆိုသူမှာ ၈၈ ရာခိုင်နှုန်းအထိရှိနေပြီး လက်ရှိအစိုးရလက်ထက်တွင် မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်မှာ အကောင်းဘက်တွင် ရှိနေသည်ဟု ယူဆသူမှာ ၇၅ ရာခိုင်နှုန်းသာရှိနေသည်ဟု ဖြေဆိုခဲ့သဖြင့် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအပေါ် အကောင်းမြင်မှု ကျဆင်းသွားကြောင်း အမေရိကန်အခြေစိုက် International Republican Institute (IRI) ကထုတ်ပြန်သည့် မြန်မာနိုင်ငံဆိုင်ရာ လူထုစစ်တမ်းတွင် ယခင်အစိုးရလက်ထက် ကောက်ခံခဲ့သည့် စစ်တမ်းနှင့်နှိုင်းယှဉ်ဖော်ပြမှုအရ သိရသည်။

Most Read

Most Recent