ဘူးသီးတောင်မြို့နယ်ရှိ မြေဧရိယာ ဧက ၅၀၀ တွင် Agri Food Park တစ်ခုထူထောင်ပြီး စိုက်ပျိုးရေးအခြေခံထွက်ကုန် ကုန်ကြမ်းများကို ကုန်ချောအဖြစ်ထုတ်လုပ်သည့် စားသောက်ကုန်လုပ်ငန်းများ ဆောင်ရွက်မည်

ဘူးသီးတောင်မြို့နယ်ရှိ မြေဧရိယာ ဧက ၅၀၀ တွင် Agri Food Park တစ်ခုထူထောင်ပြီး စိုက်ပျိုးရေးအခြေခံထွက်ကုန် ကုန်ကြမ်းများကို ကုန်ချောအဖြစ်ထုတ်လုပ်သည့် စားသောက်ကုန်လုပ်ငန်းများ ဆောင်ရွက်မည်
Published 29 October 2017

ရခိုင်ပြည်နယ်အတွင်း ကုန်စည်အရောင်းအဝယ်ပြုလုပ်ရာ ဆိပ်ကမ်းတစ်နေရာကို တွေ့ရစဉ်

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် မြေဧရိယာ ဧက ၅၀၀ ပေါ်တွင် Agri Food Park တစ်ခု ထူထောင်ပြီး ဆန်စပါးနှင့် စိုက်ပျိုးရေး အခြေခံထွက်ကုန် ကုန်ကြမ်းများကို ကုန်ချောအဖြစ်ထုတ်လုပ်သည့် စားသောက်ကုန်လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအထောက်အပံ့ပေးရေးနှင့် ပြန်လည်နေရာချထားပေးရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) တွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအရ ဘူးသီးတောင်မြို့နယ်ရှိ မြေဧက ၅၀၀ ပေါ်တွင် Agri Food Park တစ်ခုထူထောင်ပြီး ဆန်စပါးနှင့် စိုက်ပျိုးရေး အခြေခံထွက်ကုန် ကုန်ကြမ်းများကို ကုန်ချောအဖြစ် ထုတ်လုပ်သည့် စားသောက်ကုန်လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ထုတ်ခြင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးခြင်းကို စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်း ဆန်စပါးကဏ္ဍဖွံ့ဖြိုးရေးအတွက် သုံးနှစ်တာကာလအတွင်း ဆောင်ရွက်မည့်လုပ်ငန်းစဉ်အဖြစ် ရခိုင်ပြည်နယ်အတွင်းရှိ ဆန်စက်များအတွက် စပါးအခြောက်ခံစက်များ တပ်ဆင်ပေးခြင်း၊ ခေတ်မီဆန်စက် ယူနစ်များ ပြောင်းလဲတပ်ဆင်နိုင်စေရန် ကူညီခြင်း၊ အထူးသဖြင့် ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေနှင့် ကျောက်တော်မြို့များတွင် ခေတ်မီဆန်စက်နှင့် သိုလှောင်ရုံများ၊ အဆင့်မြင့် ပေါင်းဆန်စက်များ တည်ထောင်ရင်းနှီးမြှုပ်နှံပြီး ဆန်စပါးနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေး  ဆောင်ရွက်ပေးခြင်းလုပ်ငန်းများကို လက်ရှိကာလကတည်းက ကြိုတင်လေ့လာမှုများ သွားရောက်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသရှိ မိုးစပါးများ ရင့်မှည့်ရိတ်သိမ်းချိန် ရောက်ရှိနေပြီး အချို့ဒေသများတွင် ရိတ်သိမ်းမည့်ပိုင်ရှင်များ မရှိခြင်း၊ ပိုင်ရှင်ရှိသော်လည်း လယ်ယာလုပ်သား မရှိသဖြင့် လေလွင့်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နေခြင်းကြောင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) နှင့် ပြည်နယ်အစိုးရ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ၊ အကြမ်းဖျင်းအားဖြင့် ဘူးသီးတောင်ဒေသတွင် မိုးစပါး စိုက်ပျိုးထားသည့် စိုက်ဧက ၃၀၀၀၀  ကျော် ၄၀၀၀၀ ဝန်းကျင်၊ မောင်တောဒေသတွင် စိုက်ဧက ၃၀၀၀၀ ကျော်ရှိကြောင်း သိရသည်။

“အဲဒီအထဲမှာ ဘယ်လောက်ပျက်စီးလဲ၊ ဘယ်လောက်က ပိုင်ရှင်ရှိလဲ၊ ဘယ်လောက်က ပိုင်ရှင်မရှိ ဘူးဆိုတာ ကျွန်တော်တို့လည်း တိတိကျကျ မသိသေးဘူး။ အဲဒီအတွက် ကျွန်တော်တို့အဖွဲ့ကို အမြန်ဆုံးလွှတ်မယ်။ လွှတ်ပြီးရင် ဟိုဒေသမှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့ပေါင်းပြီး ပုံစံကိုရွေးရမှာပေါ့။ တချို့နေရာကျရင် ကျွန်တော်တို့ ပုဂ္ဂလိကကဏ္ဍ ဖြစ်တဲ့အတွက် ပိုင်ရှင်မဲ့နေတဲ့ လယ်တွေကို ဝင်ပြီးရိတ်ပေးဖို့ ခက်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဥပဒေကြောင်းအရ ပိုင်ရှင်ရဲ့ခွင့်ပြုချက်ဆိုတာ လိုအပ်တာကိုး။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့ ဦးစားပေးအနေနဲ့ကတော့ လတ်တလောမှာ ပိုင်ရှင်ရှိတဲ့လယ်တွေကို ကူညီဆောင်ရွက်ပေးသွားမယ်။ လတ်တလောမှာတော့ ဘူးသီးတောင်ကို အခြေစိုက်ပြီး ဆောင်ရွက်ဖို့ ပြင်ဆင်နေပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။

ကျပ်ဘီလျံ ၅၀ ခန့် ရင်းနှီးမြှုပ်နှံ၍ ရခိုင်ပြည်နယ်အတွင်း ဆန်စပါးနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေး သုံးနှစ်စီမံကိန်းကို ၂၀၁၈ ခုနှစ် တွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent