၂၀၁၈ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် Cyclone Shelter ၃၂ လုံး တည်ဆောက်မည်ဖြစ်ပြီး လိုအပ်ပါက ထပ်မံတည်ဆောက်ပေးမည်

၂၀၁၈ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် Cyclone Shelter ၃၂ လုံး တည်ဆောက်မည်ဖြစ်ပြီး လိုအပ်ပါက ထပ်မံတည်ဆောက်ပေးမည်
Published 29 October 2017

မောင်တောမြို့နံ့သာ တောင်ရွာသူရွာသားများ တောင်ပြိုလက်ဝဲမြို့သို့ ပြောင်းရွှေ့လာသည်ကို သြဂုတ် ၂၆ ရက်က တွေ့ရစဉ်

၂၀၁၈ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် Cyclone Shelter ၃၂ လုံး တည်ဆောက်မည်ဖြစ်ပြီး လိုအပ်ပါက ထပ်မံတည်ဆောက်ပေးမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

အောက်တိုဘာ ၂၅ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ ဒေါ်ထုမေက ခေတ်အဆက်ဆက် သဘာဝဘေးအန္တရာယ်များ ကျရောက်ခဲ့သော ရခိုင်ပြည်နယ်ရှိ လိုအပ်သောမြို့နယ်များတွင် ဘက်စုံအသုံးပြုနိုင်သော (Multi - Purpose) Cyclone Shelter များ လာမည့် ဘဏ္ဍာနှစ်အတွင်း လုံလောက်စွာ တည်ဆောက်ပေးရန် အစီအစဉ်ရှိ မရှိ မေးမြန်းသည်။

အဆိုပါမေးမြန်းမှုအား ပြည် ထောင်စုဝန်ကြီးက “ရခိုင်ပြည်နယ်ရှိ လိုအပ်တဲ့မြို့နယ်တွေမှာ ဘက်စုံသုံး Cyclone Shelter စုစုပေါင်း ၃၂ လုံးကို လာမယ့် ၂၀၁၈ ခုနှစ်အတွင်း အပြီးတည်ဆောက်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လိုအပ်တဲ့နေရာတွေကို ကွင်းဆင်းစစ်ဆေးပြီး ဒေသခံတွေရဲ့ ဆန္ဒအရလည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တောင်းဆိုချက်အရလည်းကောင်း ထပ်မံဆောက်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်” ဟု လွှတ်တော်တွင် ပြောကြားသည်။

အဆိုပါ ဘက်စုံသုံး Cyclone Shelter ၃၂ လုံးအား အမ်းမြို့နယ်တွင် သလူမော်နှင့် ကစုကိုင်းတို့တွင် တစ်လုံးစီ၊ စစ်တွေမြို့နယ်တွင် သုံးလုံး၊ ပေါက်တောမြို့နယ်တွင် သုံးလုံး၊ ကျောက်ဖြူမြို့နယ်တွင် လေးလုံး၊ တောင်ကုတ်မြို့နယ်တွင် နှစ်လုံး၊ ရမ်းဗြဲမြို့နယ်တွင် လေးလုံး၊ မာန်အောင်မြို့နယ်တွင် ရှစ်လုံး၊ မြောက်ဦးမြို့နယ်တွင် တစ်လုံး၊ မောင်တောမြို့နယ် အလယ်သံကျော်တွင် တစ်လုံး စုစုပေါင်း ၂၈ လုံး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လှူဒါန်းငွေဖြင့် စစ်တွေမြို့နယ် ချောင်းနွယ်ကျေးရွာ၊ ပေါက်တောမြို့နယ် ငပြည်ကျွန်းကျေးရွာ၊ ကျောက်ဖြူမြို့နယ် သဲတန်းကျေးရွာ၊ ရမ်းဗြဲမြို့နယ် အောင်လှပြင်ကျေးရွာတို့တွင် လေးလုံးတည်ဆောက်မည်ဖြစ်ကြောင်း ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ရခိုင်ပြည်နယ်သည် ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်၌ တည်ရှိသည့်အတွက် မုန်တိုင်းအန္တရာယ်ကို နှစ်စဉ်ကြုံတွေ့ရသည့် ဒေသဖြစ်၍ မုန်တိုင်းဒဏ်ခံ ခိုလှုံရာအဆောက်အအုံများကို လိုအပ်ချက်ပေါ်မူတည်၍ ဆောက်လုပ်ပေးနိုင်ရန် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မုန်တိုင်းကျရောက်နိုင်သည့် မြို့နယ်များတွင် ဘက်စုံသုံး Cyclone Shelter များကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ၂၀၁၃-၂၀၁၄ မှ ၂၀၁၆-၂၀၁၇ အထိ ၁၂ လုံး တည်ဆောက်ခဲ့ကြောင်း၊ ၂၀၁၅-၂၀၁၆ တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ၁၀ လုံး တည်ဆောက်ပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

Most Read

Most Recent